ပြင်သစ်သမ္မတ မက်ခရွန်၊ ကာတာစော်ဘွား အယ်လ်သာနီတို့နှင့်တွေ့ဆုံစဉ် ရီးယဲလ်အသင်းနှင့် စာချုပ်မချုပ်ရသေးဟု ဘာပေပြောကြားခဲ့ကြောင်း RMC Sport ဖော်ပြ

ပြင်သစ်သမ္မတ မက်ခရွန်၊ ကာတာစော်ဘွား အယ်လ်သာနီတို့နှင့်တွေ့ဆုံစဉ် ရီးယဲလ်အသင်းနှင့် စာချုပ်မချုပ်ရသေးဟု ဘာပေပြောကြားခဲ့ကြောင်း RMC Sport ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 29 February 2024

ယခုနွေရာသီတွင် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် PSG အသင်း  ကြယ်ပွင့်ကစားသမား အမ်ဘာပေက ပြင်သစ်သမ္မတ မက်ခရွန်၊ ကာတာစော်ဘွား အယ်လ်သာနီတို့နှင့်တွေ့ဆုံစဉ် ရီးယဲလ်အသင်းနှင့် စာချုပ်မချုပ်ရသေးဟု ပြောကြားခဲ့ကြောင်း ပြင်သစ်အခြေစိုက် RMC Sport ရုပ်သံက ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြင်သစ်သမ္မတနန်းတော်ဖြစ်သည့် Elysee Palace ၌ ကျင်းပသော ညစာစားပွဲသို့ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေ၊ PSG အသင်းဥက္ကဋ္ဌ နက်ဆာအယ်လ်ခီလိုင်ဖီတို့ အပါအဝင် ထိပ်တန်းအားကစားကြယ်ပွင့်များ၊ ပြင်သစ်-ကာတာ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညစာစားပွဲတွင် ပြင်သစ်သမ္မတ မက်ခရွန်က အမ်ဘာပေအား အနာဂတ်အကြောင်းမေးမြန်းစဉ် ၎င်းက ရီးယဲလ်အသင်းနှင့် စာချုပ်မချုပ်ရသေးဟု ဖြေကြားခဲ့ဖွယ်ရှိကြောင်း RMC Sport ရုပ်သံက ဖော်ပြသည်။

ထို့ပြင် မက်ခရွန်က ''မင်းက ငါတို့အတွက် ပြဿနာတွေ ဖန်တီးပေးနေတာပဲ'' ဟု နောက်ပြောင်ခဲ့သလို ကာတာစော်ဘွား အယ်လ်သာနီကလည်း PSG အသင်းမှထွက်ခွာတော့မည့် အမ်ဘာပေကို ''ကံကောင်းပါစေ'' ဟု ပြောကြားခဲ့ကြောင်း RMC Sport က ဆက်လက်ဖော်ပြထားသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အမ်ဘာပေ နှင့် PSG အသင်း၏စာချုပ်မှာ ၂၀၂၄ ခုနှစ် ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသော်လည်း ယခုရာသီကုန်တွင် လမ်းခွဲနိုင်သည့်အချက် ထည့်သွင်းထားသည်။

သို့ဖြစ်ရာ ၎င်းအား ခေါ်ယူမည့်အသင်းများမှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရမည်ဖြစ်သည်။

အမ်ဘာပေကို ခေါ်ယူနိုင်ရန် ရီးယဲလ်အသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး ၎င်းကိုယ်တိုင်ကလည်း ရီးယဲလ်အတွက် ကစားခွင့်ရလိုကြောင်း ငယ်စဉ်ကတည်းက ပြောကြားထားဖူးသည်။

အမ်ဘာပေသည် PSG အသင်းနှင့် ပထမအကြိမ်စာချုပ်ကုန်ဆုံးသည့် ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့သော်လည်း ဆုံးဖြတ်ချက်ပြင်ဆင်၍ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေရာသီတွင် စာချုပ်သစ် ထပ်မံချုပ်ဆိုမည်မဟုတ်ကြောင်း အသိပေးခဲ့သောကြောင့် ရာသီကြိုခြေစမ်းခရီးစဉ်နှင့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရပြီး ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီနှင့် ညှိနှိုင်းပြီးမှသာ ပြန်လည်ကစားခွင့်ရရှိခဲ့သည်။

စပိန်မီဒီယာများကမူ အမ်ဘာပေအနေဖြင့် နွေရာသီတွင် ရီးယဲလ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။

အမ်ဘာပေအနေဖြင့် PSG အသင်း၌ တစ်နှစ်လစာ (အသားတင်) ယူရို ၂၅ သန်းရရှိနေသော်လည်း ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ပါက လစာလျှော့ယူရဖွယ်ရှိနေသည်။

Most Read

Most Recent