ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ ဖာရှ်ဆိုင်းကို အမှတ်ဖြင့်ရှုံးနိမ့်

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ ဖာရှ်ဆိုင်းကို အမှတ်ဖြင့်ရှုံးနိမ့်
Photo: Thai Fight
Photo: Thai Fight
Published 26 February 2024

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းကစားသမား ဖာရှ်ဆိုင်းကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Thai Fight Phimai ဟု အမည်ရသည့် မွေထိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က ထိုင်းနိုင်ငံရှိ နာခွန်ရတ်ချာဆီမာခရိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် ယင်းပြိုင်ပွဲ၏ အမျိုးသမီး ၅၄ ကီလိုတန်းတွင် အသက် ၂၉ နှစ်အရွယ် ထိုင်းနိုင်ငံသူ မွေထိုင်းကစားသမား ဖာရှ်ဆိုင်း နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ဖာရှ်ဆိုင်းသည် မွေထိုင်းပြိုင်ပွဲများတွင် (၅၅) ပွဲ ထိုးသတ်ထားရာ (၃၈) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၁၅) ပွဲရှုံးနိမ့်ထားသည်။

ဘရော်နီကာသည် ပထမအချီကတည်းက ပြိုင်ဘက်မွေထိုင်းဖိုက်တာ ဖာရှ်ဆိုင်းကို အတင်းဝင် ဖိအားပေးထိုးသတ်ခဲ့သည်။

ဖာရှ်ဆိုင်းမှာမူ ဘရော်နီကာကို ရှောင်ကစားသွားခဲ့ပြီး Counter ဖြင့်သာ တုံ့ပြန်ကစားခဲ့သည်။

ပထမအချီတွင် ဘရော်နီကာ၏ ဘယ်ညာတွဲလုံးများမှာ ဖာရှ်ဆိုင်းကို ထိခဲ့သလို ဖာရှ်ဆိုင်း၏ နင်းခြေနှင့် အနိမ့်ကန်ချက်များမှာ ဘရော်နီကာကို ထိခဲ့သည်။

ပွဲမှာ ပထမအချီကတည်းက အကြိတ်အနယ်ရှိခဲ့ပြီး  မြိုင်ဆိုင်ခဲ့သည်။

ဒုတိယအချီတွင် ဘရော်နီကာမှာ ပွဲဖြတ်လိုလာခဲ့ပြီး အတင်းဝင်ကာ တိုက်စစ်ဖွင့်ထိုးလာခဲ့သည်။

သို့သော် ဘရော်နီကာ၏ ထိုးချက်ကန်ချက်များမှာ ကြီးမားသည့်ထိရောက်မှုမျိုးမရှိခဲ့သလို အမြင့်ကန်ချက်များမှာလည်း လေပေါ်တွင်သာ ဖြန်းတီးရာ ရောက်ခဲ့သည်။

တတိယအချီတွင် ဘရော်နီကာ၏ ဘယ်ညာလက်သီချက်များမှာ ဖာရှ်ဆိုင်းကို ထိခဲ့သလို ဖာရှ်ဆိုင်း၏ အနိမ့်ကန်ချက်များမှာလည်း ဘရော်နီကာကို ထိခဲ့သည်။

ပွဲအပြီး ဒိုင်များ၏ အဆုံးအဖြတ်ကို ခံယူရာတွင်မူ ဖာရှ်ဆိုင်းက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့ မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ၁၈ ပွဲဆက် အနိုင်ရမည့်စံချိန် ကျိုးပျက်ခဲ့ရသည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က  ထိုင်းနိုင်ငံသူ မွေထိုင်းကစားသမား နောင်ဘော်နှင့် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ၂၀၂၃ Thai Fight Queen's Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းကစားသမား ဖာရာဆင်းဂါနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် အလဲထိုးဖြင့်အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။

ဘရော်နီကာသည် Thai Fight က ဦးဆောင်ကျင်းပသည့် အမျိုးသမီးမွေထိုင်း ပြိုင်ပွဲများတွင် ၁၇ ပွဲဆက်တိုက် အနိုင်ရထားပြီး ယင်းပွဲများအနက် ကိုးပွဲကို အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ဘရော်နီကာသည် Thai Fight Queen's Cup ပြိုင်ပွဲတွင် နှစ်နှစ်ဆက် ချန်ပီယံခါးပတ်ရရှိထားသည်။

ဘရော်နီကာသည် Thai Fight ကကျင်းပသည့် မွေထိုင်းပွဲ ၁၉ ပွဲထိုးသတ်ထားရာ ၁၇ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားသည်။

 

Most Read

Most Recent