ယခုရာသီတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများကို လက်ခံနိုင်သော်လည်း မန်ယူအသင်းအပေါ်ထားရှိသည့် ၎င်း၏ချစ်မြတ်နိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ကြရန် ရပ်ရှ်ဖို့ဒ် ပြောကြား

ယခုရာသီတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများကို လက်ခံနိုင်သော်လည်း မန်ယူအသင်းအပေါ်ထားရှိသည့် ၎င်း၏ချစ်မြတ်နိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ကြရန် ရပ်ရှ်ဖို့ဒ် ပြောကြား
Photo: Man Utd
Photo: Man Utd
Published 2 March 2024

 

မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ယခုရာသီတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများကို လက်ခံနိုင်သော်လည်း အသင်းအပေါ်ထားရှိသည့် မိမိ၏ ချစ်ခင်မြတ်နိုးမှုကို မေးခွန်းမထုတ်ကြရန် ပြောကြားခဲ့သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီလကုန်ပိုင်းက မြောက်အိုင်ယာလန် ရှိ ဘားတစ်ခုတွင် တစ်ညလုံးပျော်ပါးခဲ့ခြင်းကြောင့် နောက်တစ်နေ့တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ရပ်ရှ်ဖို့ဒ်သည် နယူးပို့တ်အသင်းကို အနိုင်ရခဲ့သည့် FA ဖလား စတုတ္ထ အဆင့်ပွဲစဉ်တွင် အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ 

ယင်းဖြစ်ရပ်ပေါ်ပေါက်ပြီး နောက်တွင် ရပ်ရှ်ဖို့ဒ်မှာ ဝေဖန်မှုများနှင့်ရင်ဆိုင်ရခဲ့ပြီး အသင်းအပေါ်၎င်း၏ချစ်မြတ်နိုးမှုအပေါ် မေးခွန်းထုတ်ခံခဲ့ရသည်။ ရပ်ရှ်ဖို့ဒ် သည် အဆိုပါလုပ်ရပ်အတွက် မန်ယူအသင်း၏ ဒဏ်တပ်ရိုက်ခြင်းကို ခံခဲ့ရသလို နည်းပြတန်ဟက်ဂ်နှင့် အသင်းတာဝန်ရှိသူများကိုလည်း တောင်းပန်ခဲ့ကြောင်း သိရှိရသည်။ ရပ်ရှ်ဖို့ဒ်က မိမိအနေဖြင့် အမှားကိုလက်ခံသော်လည်း အသင်းအပေါ် ၎င်း၏ချစ်မြတ် နိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရပ်ရှ်ဖို့ဒ်က "ကျွန်တော်က ပြီးပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် အမှားလုပ်တဲ့အခါ ပထမဆုံးတောင်းပန်သူက ကျွန်တော်ပါပဲ။ ပြီးတော့ ကျွန်တော် ပိုကောင်းအောင် လုပ်ရမယ်လို့ ပြောလေ့ရှိသူပါ။ ဒါပေမဲ့ မန်ယူအသင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်လာမယ်ဆိုရင် ကျွန်တော် ပြန်ပြောရတော့မှာပါ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ရဲ့ကိုယ်ကျင့်တရားနဲ့ ကျွန်တော့်ရဲ့ရပ်တည်မှုကို တစ်စုံတစ်ယောက်က မေးခွန်းထုတ်တာနဲ့ အတူတူမို့လိုပါ။ ကျွန်တော်ဟာ မန်ယူအသင်းမှာ ကြီးပြင်းလာပြီး ငယ်ငယ်ကလေးကတည်းက ဒီအသင်းမှာ ကစားခဲ့တာပါ။ ကျွန်တော်ဟာ ကလေးဘဝကတည်းက ဒီအသင်းရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပြီး ကျွန်တော်တို့မိသားစုဟာ ကျွန်တော် မန်ယူအသင်းမှာ ဆက်ကစားနိုင်ဖို့ အတွက် ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်တဲ့ ငွေကြေးတွေကိုတောင် ငြင်းပယ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၉၁ ပွဲတွင် ၁၂၈ ဂိုးသွင်းယူပေးထားပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူခဲ့ခြင်းမှာ ၎င်း၏ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ရုန်းကန်နေရပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲတွင် ငါးဂိုးသာ သွင်းယူထားနိုင်သေးသည်။ ထို့ကြောင့် ရပ်ရှ်ဖို့ဒ်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ ကွင်းပြင်ပနေထိုင်မှုများအတွက် မေးခွန်းထုတ်ခံနေရခြင်းဖြစ်သည်။ 

ရပ်ရှ်ဖို့ဒ်က "ကျွန်တော့်အပေါ် ဝေဖန်မှုတွေကို ကျွန်တော် လက်ခံနိုင်ပါတယ်။ ကျွန် တော့်ကို သတင်းစာတွေရဲ့ မျက်နှာဖုံးမှာတင်ပြီး ဝေဖန်တာတွေ၊ Podcast နဲ့ လူမှုကွန်ရက်မှာ ဝေဖန်တာတွေကိုလည်း ကျွန်တော် လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုနဲ့ ဘောလုံးအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ချစ်မြတ်နိုးမှုကို မေးခွန်းထုတ်လာမယ်ဆိုရင်တော့ ခင်ဗျားတို့ကို လူသားပိုဆန်ဖို့ပဲ ကျွန်တော် တောင်းဆိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။ မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေတွင် အသင်းကစားသမားများကို ရောင်းထုတ်ရန်စီ စဉ်နေပြီး ယင်းထဲတွင် ရပ်ရှ်ဖို့ဒ်လည်း ပါဝင် နေကြောင်း သိရှိရသည်။

Most Read

Most Recent