သီရိလင်္ကာက ရုရှားနှင့် ယူကရိန်းနိုင်ငံသားများအတွက် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးမှုများကို အဆုံးသတ်ကြောင်း ကြေညာ

သီရိလင်္ကာက ရုရှားနှင့် ယူကရိန်းနိုင်ငံသားများအတွက် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးမှုများကို အဆုံးသတ်ကြောင်း ကြေညာ
ဖေဖော်ဝါရီ ၂၃ ရက်က ကိုလံဘိုမြို့တော်ရှိ ဂင်္ဂါရာမယ ဘုရားကျောင်းရှေ့တွင်ပြုလုပ်သည့် ဘာသာရေးပွဲအခမ်းအနားတစ်ခုတွင် သီရိလင်္ကာသမ္မတ ရာနေးဝီကရီမီဆင်းဟီ (ဝဲ) နှင့် သမ္မတဟောင်း ရာဂျာပက်ဆာတို့ကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၃ ရက်က ကိုလံဘိုမြို့တော်ရှိ ဂင်္ဂါရာမယ ဘုရားကျောင်းရှေ့တွင်ပြုလုပ်သည့် ဘာသာရေးပွဲအခမ်းအနားတစ်ခုတွင် သီရိလင်္ကာသမ္မတ ရာနေးဝီကရီမီဆင်းဟီ (ဝဲ) နှင့် သမ္မတဟောင်း ရာဂျာပက်ဆာတို့ကို တွေ့ရစဉ်(Photo:AFP)
Published 25 February 2024

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်းနိုင်ငံသားထောင်ချီကို သီရိလင်္ကာတွင် နေထိုင်နိုင်ရန်အတွက် မူဝါဒတစ်ခုအဖြစ် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးပေးမှုများကို အဆုံးသတ်ပြီဖြစ်ကြောင်း သီရိလင်္ကာက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“အစိုးရဟာ နောက်ထပ် ဗီဇာသက်တမ်းတိုးမှုတွေအတွက် ခွင့်ပြုတော့မှာ မဟုတ်ပါဘူး”ဟု သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဟာရှာအီလွတ်ပီတာယာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပြီး မတ် လ ၇ ရက်ကို နောက်ဆုံးထားပြီး နိုင်ငံအတွင်းမှ ထွက်ခွာရန် ထပ်လောင်း ပြောကြားခဲ့သည်။

“အခုဆိုရင် လေကြောင်းလိုင်းပြေးဆွဲမှု အခြေအနေတွေဟာ ပုံမှန်ပြန်ဖြစ်လာတာကြောင့် သူတို့ဟာ သူတို့နိုင်ငံတွေကိုဆီကို ပြန်ဖို့ အခက်အခဲမရှိတော့ပါဘူး” ဟု ဟာရှာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရုရှားနိုင်ငံသား ၂၈၈၀၀၀ ကျော်နှင့် ယူကရိန်းနိုင်ငံသား ၂၀၀၀၀ နီးပါးသည် သီရိလင်္ကာသို့ လာရောက်ခဲ့သည်ဟု တရားဝင်မှတ်တမ်းများတွင် ဖော်ပြထားသည်။

၎င်းတို့အနက် ပုံမှန်ခရီးသွားဗီဇာဖြစ်သည့် ရက်ပေါင်း ၃၀ ထက်ပိုပြီး သီရိလင်္ကာတွင် နေထိုင်ခဲ့သူ အရေအတွက် မည်မျှရှိသည်ဆိုခြင်းကိုမူ ရှင်းလင်းစွာမသိရပေ။

သို့သော် ထောင်နှင့်ချီသည့် ရုရှားနိုင်ငံသားများနှင့် ယူကရိန်းနိုင်ငံသားအချို့သည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၌ စစ်မှုထမ်းရမည်ကို ရှောင်လွှဲရန်အတွက် သီရိလင်္ကာတွင် အခြေချနေထိုင်ခဲ့ကြသည်ဟု ယူဆမှုများ ထွက်ပေါ်ခဲ့သည်။

၎င်းတို့အနက် အချို့က စားသောက်ဆိုင်များ၊ နိုက်ကလပ်များ ဖွင့်လှစ်ခဲ့ကြသည်ဟု ဆိုသည်။

နိုင်ငံတောင်ပိုင်း အူနာဝါတူနာ အပန်းဖြေစခန်းမြို့တွင် ရုရှားနိုိင်ငံသားတစ်ဦး ဖွင့်လှစ်ထားသည့် နိုက်ကလပ်တစ်ခုတွင် “လူဖြူ  သီးသန့်”ပါတီကို ပြုလုပ်ခဲ့သည့်အတွက် လူမှုမီဒီယာများပေါ်တွင် ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်နေချိန်တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံသားများအတွက် ကာလရှည်ဗီဇာသက် တမ်းတိုးမှု အဆုံးသတ်ကြောင်း အစိုးရ၏ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက ၎င်း၏ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းမှ ပြန်လည်နာလန်ထူရန် ရုန်းကန်နေရချိန်တွင် နိုင်ငံခြားငွေကြေးများ  အရေးတကြီး လိုအပ်နေသဖြင့် ဆိုက်ရောက် ဗီဇာကို ရက်ပေါင်း ၃၀ ကြာ ခွင့်ပြုပေးခဲ့ပြီး ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

သီရိလင်္ကာသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် ဒေါ်လာ ၄၆ ဘီလျံ ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့ပြီး နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကမူ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်တည်ငြိမ်စေရန်နှင့် အစားအစာ၊ လောင်စာနှင့် ဆေးဝါးများကဲ့သို့ မရှိမဖြစ် အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုကို အဆုံး သတ်စေရန်အတွက် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံ ချေးငွေထုတ်ပေးခဲ့သည်။

လက်ရှိ သီရိလင်္ကာသမ္မတ ရာနေးဝီက ရီမီဆင်းဟီသည် ယခင်အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် စီးပွားရေးအကျပ်အတည်းကို  ဖြေရှင်းရန် ရုန်းကန်နေရဆဲဖြစ်သည်။

                                               Ref:AFP

Most Read

Most Recent