ဆူဒန်ပဋိပက္ခတွင် အဓမ္မပြုကျင့်မှုများနှင့် လိင်အကြမ်းဖက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်း ကုလသမဂ္ဂ ပြောကြား

ဆူဒန်ပဋိပက္ခတွင် အဓမ္မပြုကျင့်မှုများနှင့် လိင်အကြမ်းဖက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်း ကုလသမဂ္ဂ ပြောကြား
ဖေဖော်ဝါရီ ၁၅ ရက်က တောင်ဆူဒန်နိုင်ငံ ရန့်မြို့တွင် စစ်ဘေးရှောင် ဆူဒန်ဒုက္ခသည်များကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၅ ရက်က တောင်ဆူဒန်နိုင်ငံ ရန့်မြို့တွင် စစ်ဘေးရှောင် ဆူဒန်ဒုက္ခသည်များကို တွေ့ရစဉ်(Photo: AFP)
Published 24 February 2024

ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ကလေးသူငယ်များအပါအဝင် လူပေါင်းများစွာသည် အဓမ္မပြုကျင့်မှုခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့ရှိခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု အဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြေင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံခါတွန်မြို့တော်တွင် ပြီးခဲ့သည့်နှစ် ဧပြီလကစပြီး ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာဘာဟန်နှင့် အရန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန် ဒါဂလိုတို့အကြား အား ပြိုင်မှုမှတစ်ဆင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများသည် နိုင်ငံ၏နေရာအနှံ့သို့  ပြန့်နှံ့သွားခဲ့သည်။

တိုက်ပွဲများသည် မြို့ပြဒေသများတွင် အဓိကဖြစ်ပွားခဲ့သော်လည်း တည်ငြိမ်မှုမရှိသည့် အနောက်ဒါဖာဒေသတွင်လည်း ဖြစ်ပွားလျက်ရှိကာ လူပေါင်း ၁၂၀၀၀ ထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၈ သန်းကျော် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အကြားကာလကို လွှမ်းခြုံဖော်ပြထားသည့် ထိုထုတ်ပြန်ချက်တွင် ဆူဒန်နိုင်ငံအတွင်း အကူအညီပေးရေးအဖွဲ့များနှင့် လူ့အခွင့်အရေးစောင့်ကြည့်သူများ ဝင်ရောက်ရန်ခက်ခဲသည့် နေရာဒေသများတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုများရှိခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်များသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲ၊ ရုရှား-ယူကရိန်းစစ်ပွဲများကြောင့် မှေးမှိန်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဆူဒန်တွင် အဓမ္မပြုကျင့်မှုအပါအဝင် လိင်အကြမ်းဖက်မှုခံခဲ့ရသူပေါင်း ၁၁၈ ဦး ထက်မနည်းရှိခဲ့ပြီး နစ်နာသူအများစုသည် အိမ်များနှင့်လမ်းများပေါ်တွင် အရန်တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုကိုခံခဲ့ရကြောင်း မှတ် တမ်းတွင် ဖော်ပြထားသည်။

အမျိုးသမီးတစ်ဦးဆိုလျှင် အဆောက်အအုံတစ်ခုထဲတွင် ၃၅ ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကိုခံခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ထို့ပြင် ပဋိပက္ခအတွင်း နှစ်ဖက်စလုံးက ကလေးစစ်သားများစုဆောင်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အဲဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေနဲ့ အတူတူပဲဖြစ်ပါတယ်”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် နစ်နာသူများနှင့် မျက်မြင်သက်သေ ၃၀၀ ကျော်ကို အင်တာဗျူးပြုလုပ်ခဲ့ပြီး ထိုအင်တာဗျူးများထဲမှအချို့ကို ဆူဒန်ဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေသည့် အီသီယိုပီးယားနှင့် ချာ့ဒ်နိုင်ငံတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဓာတ်ပုံများ၊ဗီဒီယိုများနှင့် ဂြိုဟ်တုဓာတ်ပုံများနှင့်အတူ သရုပ်ခွဲဖော် ပြခဲ့ခြင်းဖြစ်သည်။

စစ်ပွဲကြောင့် ပျက်စီးမှုများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

“ဆူဒန်စစ်ပွဲတစ်နှစ်နီးပါးကြာမြင့်လာချိန်မှာ သေဆုံးမှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေရဲ့ အသေးစိတ်အချက် အလက်တွေထွက်ပေါ်လာခဲ့ပါတယ်။ ယုတ္တိမရှိတဲ့ ပဋိပက္ခနဲ့လူ့အခွင့်အရေးချိုးဖောက်မှု တွေ၊ အနိုင်ကျင့်စော်ကားမှုတွေဟာလည်း အဆုံးမရှိဘဲ ဆက်လက်ဖြစ်ပွားနေပါတယ်”ဟု တာ့ခ်က ပြောကြားခဲ့သည်။    

Ref: AP

Most Read

Most Recent