ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တိုက်လေယာဉ်များက ဒုံးကျည်များကို ကြားဖြတ်ပစ်ချသည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တိုက်လေယာဉ်များက ဒုံးကျည်များကို ကြားဖြတ်ပစ်ချသည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်
ဖေဖော်ဝါရီ ၂၃ ရက်က တောင်ကိုရီးယားနိုင်ငံ ချောင်ဂျူမြို့ရှိ လေတပ်စခန်းတစ်ခုဆီမှ တောင်ကိုရီးယားလေတပ်၏ F-15K ဂျက်တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ်(Photo: AP)
ဖေဖော်ဝါရီ ၂၃ ရက်က တောင်ကိုရီးယားနိုင်ငံ ချောင်ဂျူမြို့ရှိ လေတပ်စခန်းတစ်ခုဆီမှ တောင်ကိုရီးယားလေတပ်၏ F-15K ဂျက်တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ်(Photo: AP)
Published 24 February 2024

ဖေဖော်ဝါရီ ၂၃ ရက်က တောင်ကိုရီးယားနှင့် အမေရိကန်၏အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များသည် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဒုံးကျည်ကြားဖြတ်ပစ်ချသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်က ပြောကြားခဲ့သည်။

ယင်းသည် ပြိုင်ဘက်မြောက်ကိုရီးယားက ယခုနှစ်အတွင်း လက်နက်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို တုံ့ပြန်မှုဖြစ်ပုံရသည်။

မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် ဒုံးကျည်စမ်းသပ်မှုခြောက်ကြိမ်ပြုလုပ်ထားပြီး အများစုသည် ခရုစ်ဒုံးကျည် စမ်းသပ်မှုများဖြစ်သည်။ ခရုစ်ဒုံးကျည်များသည် ဂျက်တွန်းကန်အားဖြင့် ပျံသန်းပြီး ပိုမိုအဆင့်မြင့်သည့် ပဲ့ထိန်းဒုံးကျည်များထက် အနိမ့်ပျံသန်းနိုင်သည့်အတွက် ကြားဖြတ်ပစ်ချရန် ပိုမိုခဲယဉ်း သည်။ ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများတွင် တားမြစ်ထားခြင်းမရှိပေ။

စစ်ပွဲဖြစ်ပွားလာပါက မြောက်ကိုရီးယားသည် အမေရိကန် လေယာဉ်တင်သင်္ဘောများနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် ခရုစ်ဒုံးကျည်များအား အသုံးပြုရန် ရည်ရွယ်ထားသည်ဟု အ ကဲခတ်များက ဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ ပဥ္စမမျိုးဆက် F-35 A ကိုယ်ပျောက်ဂျက် တိုက်လေယာဉ်များနှင့် တောင်ကိုရီးယားမှ အခြားဂျက်တိုက်လေယာဉ်အမျိုးအစားများ ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယားလေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ F-35 A တိုက်လေယာဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်က ဂျပန်နိုင်ငံအိုကီနာဝါကျွန်းရှိ ခါဒဲနာ လေတပ်စခန်းဆီမှ တောင်ကိုရီးယားသို့ ဖြန့်ကြက်ချထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြ ထားသည်။

မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်ကစ၍ လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ယင်းသည် အနာဂတ်သံခင်းတမန်ခင်း ကိစ္စရပ်များတွင် ၎င်း၏အရှိန်အဝါကို မြှင့်တင်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန်ကလည်း ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ခြင်း၊ ဂျပန်ပါဝင်သည့် သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းတို့တိုက်ခိုက်ခံရမည်ဆိုလျှင် တောင်ကိုရီးယားကို အဆုံးအထိချေမှုန်းရန်တုံ့ဆိုင်းနေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့ပြီး တောင်ကိုရီးယားသည် မိမိတို့အ တွက်အန္တရာယ်အရှိဆုံးနှင့် နံပါတ်တစ်ရန် ဘက်နိုင်ငံဖြစ်ကာ ထာဝရရန်သူဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုကလည်း မြောက်ကိုရီးယားဘက်က စတင်တိုက်ခိုက်မည်ဆိုလျှင် ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု အခိုင်အမာပြောဆိုထားပြီး မြောက်ကိုရီးယားက ရန်စလျှင်အရင်တုံ့ပြန်ပြီးမှ သတင်းပို့ရန် ၎င်း၏စစ်တပ်ကို ညွှန်ကြားထားသည်။ ဖေဖော်ဝါရီ ၂၂ ရက်က ရီယိုဒီဂျနေးရိုးတွင် ပြုလုပ်သည့် ဂျီ ၂၀ ထိပ်သီးအစည်း အဝေးပြင်ပတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့သည်။

Ref: AP

         

 

Most Read

Most Recent