အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က ရှုတ်ချ

အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က ရှုတ်ချ
ဖေဖော်ဝါရီ ၂၂ ရက်က ထိုင်ဝမ်သမ္မတရုံးတွင် ထိုင်ဝမ်ဒုသမ္မတလိုင်(ယာ)နှင့် အမေရိကန်အောက်လွှတ်တော်အမတ် မိုက်ခ်ဂယ်လာဂါ (ဝဲ) တို့လက်ဆွဲနှုတ်ဆက်နေစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၂ ရက်က ထိုင်ဝမ်သမ္မတရုံးတွင် ထိုင်ဝမ်ဒုသမ္မတလိုင်(ယာ)နှင့် အမေရိကန်အောက်လွှတ်တော်အမတ် မိုက်ခ်ဂယ်လာဂါ (ဝဲ) တို့လက်ဆွဲနှုတ်ဆက်နေစဉ်(Photo: AFP)
Published 24 February 2024

ထိုင်ဝမ်သို့လာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် ဝင် ရောက်စွက်ဖက်မှုတစ်ခုဖြစ်ကြောင်း တရုတ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဝေဖန်ရှုတ်ချခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ အောက်လွှတ်တော်ကိုယ်စားလှယ်များ၏ ကော်မတီဥက္ကဋ္ဌသည် လွှတ်တော်အမတ် လေးဦးနှင့်အတူ ထိုင်ဝမ်သို့ရောက်ရှိခဲ့ပြီးနောက် တရုတ်က ယင်းကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ ထိုင်ဝမ်အာဏာပိုင်အကြား ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ တရားဝင်ထိတွေ့ဆက်ဆံမှုအားလုံးကို တရုတ်က အမြဲတမ်းဆန့်ကျင်ပြီး ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်စေ ထိုင်ဝမ်အရေးကို အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကိုလည်း ပြတ်သားစွာဆန့်ကျင်ပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဖွဲ့ဝင်ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် အမေရိကန်အောက်လွှတ်တော်၏ တရုတ်ရေးရာကော်မတီဥက္ကဋ္ဌ မိုက်ခ်ဂယ်လာဂါသည် ထိုင်ဝမ်သို့လာရောက်သည့် ခရီးစဉ်အတွင်း ထိုင် ဝမ်သမ္မတ ဆန်အင်းဝမ်၊ ဒုသမ္မတ လိုင်ချင်းတယ်တို့နှင့် တွေ့ဆုံခဲ့သည်။

လိုင်သည် ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံသမ္မတဖြစ်ကာ မေလတွင် သမ္မတအဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေး၏ ရှုပ်ထွေးမှုနှင့် ထိလွယ်ရှလွယ်ရှိမှုတို့ကို အသိအမှတ်ပြုရန် မိမိတို့ တိုက်တွန်းကြောင်း ‘တရုတ်တစ်နိုင်ငံတည်း’မူကို လေးစားရန်နှင့် ထိုင်ဝမ်နှင့်တရားဝင်ထိတွေ့ဆက်ဆံမှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း မော်နင်းက ပြောကြားခဲ့သည်။

မိုက်ခ် ဂယ်လာဂါသည် ထိုင်ဝမ်ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံပြီးနောက် အမေရိကန် ကွန်ဂရက်လွှတ်တော်၏ ထိုင်ဝမ်အပေါ်ထောက်ခံအားပေးမှုသည် အလွန်ခိုင်မာအားကောင်းသည်ဟု ပြောကြားခဲ့သည်။

“အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ထိုင်ဝမ်အပေါ် ထောက်ခံအားပေးမှုဟာ ပိုမိုအားကောင်းလာပြီး အလွန့်အလွန် ခိုင်မာမှုရှိတယ်လို့ ထင်ပါတယ်”ဟု ဂယ်လာဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်၏ အရေးအပါဆုံး မဟာမိတ်ဖြစ်ကာ ထိုင်ဝမ်အရေးသည် အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေးတင်းမာနေခြင်း၏ အဓိကကိစ္စရပ်တစ်ခုဖြစ်သည်။

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရတိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါး စေလွှတ်လေ့ရှိသည်။

တရုတ်ကို ကျယ်ကျယ်လောင်လောင် ဝေဖန်သူတစ်ဦးဖြစ်သည့် ဂယ်လာဂါက ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မည်သည့်ရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံအားပေးမှုအပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု ဆိုသည်။

တရုတ်အနေဖြင့် ထိုင်ဝမ်ကိုကျူးကျော်ရန် ကြိုးပမ်းမှုမှန်သမျှကိုလည်း ၎င်းက သတိပေးခဲ့ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အလွန်မိုက်မဲရာကျလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် သူလျှိုလုပ်မှုစွပ်စွဲချက်များ အပါအဝင် ကိစ္စရပ်အများအပြားနှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့်တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် နှစ်အတန်ကြာ တင်းမာခဲ့သည်။          

Ref: AFP

 

Most Read

Most Recent