မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မည့် ကျပ် ၄၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ

မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မည့် ကျပ် ၄၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ
Published 24 February 2024

မလေးရှားနိုင်ငံ ရေပိုင်နက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၄၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် တပ်မတော်(ရေ)မှ စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံသယ်ဆောင်ရန်  စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုး နှင့် ထွန်းဦး တို့ ၅ ဦးအား တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ်ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန် နှင့် စိုးရန်နိုင်(ခ) နောင်နောင်အား ပုသိမ်မြို့တွင်လည်း ကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဌေးအောင်(ခ)ပေါက်စ အား ကျောင်းကုန်းမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု နစကမှ ထုတ်ပြန်သည်။

၎င်းတို့၏ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၁၂ ရက်၌ နိုင်ဦး(ခ) မောင်မောင်လေး(ခ) လှဝင်း အား ပုသိမ်မြို့နယ် ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲတွင် ပုသိမ်မြို့နယ် သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း၏ ဂိုဒေါင်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်ဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီတွင် ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာတွင် ထွန်းလင်နိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ)ငတိုလေး၊ ရဲလွင်ကို(ခ) ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်း တို့ ၅ ဦးအား “အေးမြတ်အောင်”စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေးရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ  ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်ရှိ “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန် နှင့် မဇင်မာဌေး တို့၏နေအိမ်မှ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ် သိန်း ၃၀၊ မော်တော်ယာဉ် နှစ်စီးနှင့် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ တင်ရှိန်၏နေအိမ်မှ ပြောင်းချောသေနတ် တစ်လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၄ ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက် တမင်း)များအား မန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့်(ခ) ဖြိုးသူရ နှင့် စိုးမောင်မောင်တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါမော်တော်ယာဉ် နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက် ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိ ခြံဝင်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methylamine လီတာ ၁၆,၄၀၀၊ Sulphuric Acid လီတာ ၁,၂၀၀ ၊ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂,၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်း စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ တစ်စီး၊ ကမ်းရိုးတန်းသုံး စက်လှေ တစ်စီး၊ မော်တော်ယာဉ် သုံးစီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့သယ်ဆောင်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုက်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

၎င်းမူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent