ချေးငွေ Application များ အသုံးပြု၍ အွန်လိုင်းချေးငွေလုပ်ငန်းဖြင့် လိမ်လည်နေသူ ၁၄ ဦးကို Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိ

ချေးငွေ Application များ အသုံးပြု၍ အွန်လိုင်းချေးငွေလုပ်ငန်းဖြင့် လိမ်လည်နေသူ ၁၄ ဦးကို Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိ
Published 23 February 2024

Morning Cash ၊ Smile Loan ၊ Cash Loop ၊ Wa Wallet ၊ PK Cash ၊ AJ Cash စသည့် ချေး​ငွေ Application များ အသုံးပြု၍ အွန်လိုင်းချေးငွေလုပ်ငန်းဖြင့် လိမ်လည်နေသူ ၁၄ ဦးအား Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်သူများအား အွန်လိုင်းမှတစ်ဆင့် အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေပေးခြင်းများပြုလုပ်၍ ချေးငွေများအား အမြန်ဆုံးပြန်လည်ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်းမရှိပါက အဆိုပါချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်း စသည့်ဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များ၊ အခြားသတင်းအချက်အလက်များအရ သိရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနှင့် မှုခင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက,က ထုတ်ပြန်သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉) ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၄၅၈/က)၌ နေထိုင်သူ မဆုရည်နွယ်သည် အွန်လိုင်းချေးငွေကိစ္စရပ်များ နှင့်ပတ်သက်၍ ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရှိရသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းအားလိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ၎င်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလခန့်တွင် TikTok လူမှုကွန်ရက်စာမျက်နှာမှ တွေ့ရှိသည့် Mashala Tech Co.,Ltd အမည်ရှိ အွန်လိုင်းချေးငွေဝန်​ဆောင်မှုလုပ်ငန်း၊ Team-A တွင် ချေးငွေကောက်ခံသူအဖြစ် တစ်လလျှင် လစာ ကျပ် သုံးသိန်းနှစ်သောင်းဖြင့် စတင်ဝင်ရောက်ခဲ့သည်ကို သိရှိရကြောင်း နစက,က ထုတ်ပြန်သည်။

မဆုရည်နွယ်၏ ထွက်ဆိုချက်အရ Mashala Tech Co.,Ltd အမည်ရှိ အွန်လိုင်းချေးငွေလုပ်ငန်းဖြင့် အများပြည်သူထံမှ ငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာအပါအဝင် စုစုပေါင်း ၁၃ ဦးအား Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ Mashala Tech Co.,Ltd အား ဦးဇေယျာမင်း တစ်ဦးတည်းအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသူသည် တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဖြစ်ကာ ဗိုလ်တစ်ထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် (၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄)တွင် ဖွင့်လှစ်ထားရှိကြောင်း၊ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian သည် ဇန်နဝါရီ ၅ ရက်က ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်း မရှိသေးကြောင်း နစက,က ထုတ်ပြန်သည်။

ကုမ္ပဏီအနေဖြင့် အွန်လိုင်းချေးငွေလုပ်ငန်းများ လုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိထားသည့် HR ဝန်ထမ်းဖြစ်သူ မြတ်စန္ဒာဝင်း၊ Assistant HR ဝန်ထမ်းများဖြစ်သူ ဖမ်းဆီးရမိပြီးဖြစ်သည့် မမို့မို့အောင်နှင့် ဖမ်းဆီးရန်ကျန် ကျော်မင်းဖြိုးတို့က ကြီးကြပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြီးကြပ်မှုအောက်တွင် အွန်လိုင်းချေးငွေများရယူလာစေရေး ဆွဲဆောင်သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့်အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲကာ လုပ်ကိုင်လျက်ရှိကြောင်း နစက,က ထုတ်ပြန်သည်။

ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့အားဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မလွင်မေချစ် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် လည်းကောင်း၊ ချေးငွေပြန်လည်ခြိမ်း ခြောက်တောင်းခံသည့် အဖွဲ့ကို Team A, E, J, N, S, X အဖွဲ့ ၆ ဖွဲ့ ခွဲထားပြီး Team-A တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မဝေဖြိုးသွယ်နှင့် Data Analysis ဖြစ်သူ မအေးမြင့်သူအပါအဝင် ချေးငွေကောက်ခံသူ ၁၅ ဦး၊ Team-E တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မောင်လဝန်းယံအပါအဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-N တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ လင်းကောင်းခန့် အပါအဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-J တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မရတနာအပါအဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ Team-S တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မနှင်းလပြည့် နှင့် မောင်ဇာနည်ဖြိုးအပါအဝင် ချေးငွေကောက်ခံသူ ၁၆ ဦး၊ Team-X တွင် ဖမ်းဆီးရန်ကျန်  Leader ဖြစ်သူ မပန်းအိမွန်နှင့် မနှင်းအိခိုင်အပါအဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ စုစုပေါင်း ၉၁ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း နစကမှ ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ)Willian နှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ)ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေနှင့် မစုစုအေးတို့အား အမှုဖွင့်လှစ်၍ တရားဉပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း နစက,က ထုတ်ပြန်သည်။

Mashala Tech CO.,Ltd ကုမ္ပဏီအနေဖြင့်  Morning Cash ၊  Smile Loan ၊  Cash Loop ၊ WA Wallet ၊ PK Cash ၊ AJ Cash ၊ Morning Wallet ၊ Sky Cash ၊ Happy Cash ၊ Sun Bag ၊ Zuri Loan နှင့် Quick Cash စသည့် ချေးငွေ Application များအား အများပြည်သူ မြင်သာနိုင်ရန် Wave Money Application တွင် ထည့်သွင်းကြော်ငြာခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ချေးငွေရယူလိုသူများအနေဖြင့် အဆိုပါ Application များကို Download ပြုလုပ်၍ ဖုန်းအတွင်း Install ပြုလုပ်ပြီးပါက Register ပြုလုပ်ရန်အတွက် ချေးငွေပုံစံဖြည့်သွင်းရာတွင် အမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ငွေလက်ခံမည့် KBZ Pay/Wave Pay အကောင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်(ရှေ့/နောက်)ဓာတ်ပုံနှင့် Gmail တို့ကို ဖြည့်သွင်းပေးရကြောင်း၊ ဖုန်းတွင် Permission Access တောင်းခံပြီး ချေးယူလိုသူက Allow ပြုလုပ်ပါက Gmail ချိတ်ဆက်ထားသည့် ဖုန်း Contact များအားလုံးကို Application က တရားမဝင်ရရှိသွားကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ပြီးနောက် ချေးငွေရယူလိုသူများထံ ချေးယူမည့်ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးဖြတ်တောက်၍ KBZ Pay/ Wave Pay မှတစ်ဆင့် လွှဲပြောင်းပေးပြီး အနည်းဆုံး ငွေ ၃၀,၀၀၀ ကျပ်မှ အများဆုံး ငွေ ၃၀၀,၀၀၀ ကျပ်အထိချေးပေးကြောင်း၊ ထို့နောက်ချေးယူငွေများအား တစ်ပတ်အတွင်း ပြန်လည်ပေးဆပ်စေပြီး ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ချေးငွေရယူထားသူများအား ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ Viber သို့မဟုတ် SMS မှတစ်ဆင့် ချေးငွေပေးဆပ်ရန် ဆက်သွယ်တောင်းဆိုခြင်းများပြုလုပ်ကြောင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ခြင်းမရှိသူများနှင့် ၎င်းဖုန်းအတွင်းမှ Contact Person များကို ဖုန်းဖြင့် ဆက်သွယ်၍ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် အရှက်တကွဲဖြစ်စေရန် ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်ကြောင်း သိရသည်။

Most Read

Most Recent