ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးလျက်ရှိစဉ် အစ္စရေးက ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် လူ ၉၇ ဦး ထပ်မံသေဆုံး

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးလျက်ရှိစဉ် အစ္စရေးက ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် လူ ၉၇ ဦး ထပ်မံသေဆုံး
အစ္စရေးတိုက်ခိုက်မှုကြောင့် ရာဖာ၌ ပျက်စီးနေသည်များကို ပါလက်စတိုင်းအမျိုးသားတစ်ဦး ထိုင်ကြည့်နေပုံကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် ရာဖာ၌ ပျက်စီးနေသည်များကို ပါလက်စတိုင်းအမျိုးသားတစ်ဦး ထိုင်ကြည့်နေပုံကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 February 2024

ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းဝန်းကျင်ခိုလှုံနေသော ဂါဇာတောင်ပိုင်း ရာဖာမြို့၌ ဟားမာ့စ် စစ်သွေးကြွများကို ရှာဖွေရန် စစ်သားများစေလွှတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် အစ္စရေးက ရာဖာမြို့ကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် လူ ၉၇ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ချိန်တွင် အပစ်အခတ်ရပ်စဲရန် လော လောလတ်လတ်ကြိုးပမ်းမှုများ လုပ်ဆောင်ရန် အမေရိကန်သံတမန်တစ်ဦးသည် အစ္စရေးနိုင်ငံကို ရောက်ရှိနေခဲ့သည်။

အရပ်သား သေဆုံးမှုများပြားနေခြင်း ၊ ဆိုးရွားသည့် လူသားချင်းစာနာမှုအကျပ်အ တည်းပေါ်ပေါက်နေခြင်းတို့နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးစိုးရိမ်ပူပန်မှု တရိပ်ရိပ်တိုးလာနေသည်။

အရှေ့အလယ်ပိုင်းနှင့်မြောက်အမေရိကတို့အတွက် အိမ်ဖြူတော်စေ့စပ်ညှိနှိုင်းရေးမှူး ဘရတ်မက်ဂါ့သည် ကိုင်ရိုတွင်အခြား စေ့စပ်ညှိနှိုင်းသူများနှင့်တွေ့ဆုံခဲ့ပြီးနောက် တဲလ်အဗစ်မြို့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်နှင့် ဆွေးနွေးခဲ့သည်။

ဟားမာ့စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက်သည် အပစ်အခတ်ရပ်စဲရေးကိစ္စများကို ဆွေးနွေးရန် ယခုသီတင်းပတ်စောစောပိုင်းကတည်းက ကိုင်ရိုမြို့ကို ရောက်ရှိနေသည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ကာတာ၊ အီဂျစ်တို့အပါအဝင် ကြားဝင်စေ့စပ်ပေးသူများသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လည်လွတ်မြောက်ရေးတို့အတွက် သဘောတူညီချက်ရရှိရန် ဆောင်ရွက်လျက်ရှိကြသော်လည်း ယခုအချိန်ထိ အောင်မြင်မှုမရသေးပေ။ သို့ရာတွင် အခက်အခဲအတား အဆီးကို ကျော်လွှားရေးအတွက် ကြိုးပမ်းအားထုတ်မှုအသစ်ကို လုပ်ဆောင်နေသည်ဟု သိရသည်။

မက်ဂါ့နှင့်ဆွေးနွေးခဲ့သည့်အကြောင်း အရာမှာဓားစာခံများ ပြန်လည်လွတ်မြောက်ရေး၊ ဟားမာ့စ်အမာခံနယ်မြေများဖြစ်သည့် ဂါဇာတောင်ပိုင်းနှင့်အလယ်ပိုင်းတို့က စစ်ဆင်ရေးအခြေအနေများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများသာမက ကျန်ရှိနေသော ဟားမာ့စ်တပ်ရင်းများ ဖျက် သိမ်းရေး၏ အရေးပါပုံတို့ဖြစ်သည်ဟုအစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုများသည် လက်ရှိအချိန်ထိ ကောင်းမွန်နေသည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

အစ္စရေး စစ်ကော်မတီဝင်တစ်ဦးဖြစ်သော ဘင်နီဂန့်ဇ်က မက်ဂါ့ရောက်မလာမီ အလားအလာကောင်းသော စကားကို ပြောကြားခဲ့သည်။ ဓားစာခံများပြန်လည်ရောက်ရှိလာရေးအတွက် အစီအမံသစ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများသည် တိုးတက်မှုအလားအလာကို ဖော်ပြလျက်ရှိသည့် ပထမဆုံး လက္ခဏာများကို ပြသလျက်ရှိသည်ဟု ဆိုသည်။

ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် သဘောတူညီချက်များရရှိရန် ကိုင်ရိုမြို့၌ ဆွေးနွေးပွဲအသစ်များပြုလုပ်ခဲ့ သည်ဟု သိရသည်။ ယင်းဆွေးနွေးပွဲများ၏ ရလဒ်များကို လက်ရှိအချိန်ထိ မမြင်ရသေးဟု သုံးသပ်လျက်ရှိကြသည်။     

Ref: AFP

Most Read

Most Recent