ထိုင်းဗီဇာလျှောက်ထားရန် လူကိုယ်တိုင်တန်းစီသည့် ဗီဇာရက်ချိန်းယူသည့်စနစ်အား ဖျက်သိမ်းပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန် လူ ၄၀၀ စာသို့ တိုးမြှင့်မည်ဟု ထိုင်းသံရုံးထုတ်ပြန်

ထိုင်းဗီဇာလျှောက်ထားရန် လူကိုယ်တိုင်တန်းစီသည့် ဗီဇာရက်ချိန်းယူသည့်စနစ်အား ဖျက်သိမ်းပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန် လူ ၄၀၀ စာသို့ တိုးမြှင့်မည်ဟု ထိုင်းသံရုံးထုတ်ပြန်
Published 23 February 2024

ထိုင်းဗီဇာလျှောက်ထားရန် လူကိုယ်တိုင်တန်းစီသည့် ဗီဇာရက်ချိန်းယူသည့်စနစ်အား ဖျက်သိမ်းပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန် လူ ၄၀၀ စာသို့ တိုးမြှင့်မည်ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

https://thaiconsularyangon.com/visa/ မှ Visa Appointment Booking Online (VABO) စနစ်ကို အသုံးပြု၍ အွန်လိုင်းမှတဆင့် ထိုင်းနိုင်ငံသို့သွားရောက်ရန် ဗီဇာလျှောက်ထားခြင်းများအတွက် တိုကင်နံပါတ်များတင်ရန် လက်ခံပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး ရက်ပေါင်း ၃ဝ စာအတွက် တစ်ရက်လျှင်တိုကင်အခု ၂ဝဝ နှုန်းဖြင့် ကြိုတင်လျှောက်ထားနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

အဆိုပါ VABO စနစ်ကို စတင်ဖွင့်လှစ်အသုံးပြုပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂ဝ ရက်နံနက်ပိုင်းမှစတင်၍ လူအများအပြား လာရောက်ကြိုတင်တိုကင်တောင်းခံလျက်ရှိသဖြင့် အဆင်ပြေသောစနစ်တစ်ခုဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

ယင်းကြောင့် သံရုံးရှေ့တွင် လူကိုယ်တိုင်တန်းစီစနစ်ဖြင့် ဗီဇာရက်ချိန်းယူခြင်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတဆင့် ရက်ပေါင်း ၃ဝ စာအတွက် တစ်ရက်လျှင် တိုကင် ၄ဝဝ ခုနှုန်း ထပ်မံဖြည့်သွင်းကာ ကြိုတင်လျှောက်ထားခြင်းအား လက်ခံပေးမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

VABO စနစ်ဖြင့် ရက်ချိန်းတစ်ခုကြိုတင်မှာယူသည့်အခါ လျှောက်ထားသူသည် အီးမေးလ်လိပ်စာ၊  နိုင်ငံကူးလက်မှတ်တွင် ပါရှိသည့်အတိုင်း လူအမည်နှင့် ပတ်စပို့နံပါတ်တူညီမှန်ကန်မှုကို တိကျစွာ စစ်ဆေးရမည်ဖြစ်ကြောင်း၊ တိုကင်ရယူပြီးသောအခါ ဓာတ်ပုံရိုက်ပါ သို့မဟုတ် ဝက်ဘ်ဆိုဒ်မှ အတည်ပြုပေးသော တိုကင်စာမျက်နှာ သို့မဟုတ် စနစ်မှသင့်ထံပေးပို့ထားသည့် တိုကင်အတည်ပြုအီးမေးလ်ကို ထိုင်းသံရုံး ကောင်စစ်ဌာသို့ ပြသနိုင်ရန် ပရင့်ထုတ်ရမည်ဖြစ်ကြောင်း၊ ပတ်စပို့နံပါတ်တစ်ခုအတွက် တစ်ကြိမ်သာ လျှောက်ထားနိုင်ပြီး တခြားသူထံသို့ လွှဲပြောင်းအသုံးပြုခြင်းပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ စနစ်အသုံးပြုသူ အများအပြားရှိနေသည့် အခြေအနေတွင် လူအများတပြိုင်နက်တည်း ဝင်ရောက်လျှောက်ထားရန်မဖြစ်နိုင်ကြောင်း၊ ယင်းကြောင့် ကြိုတင်စာရင်းပေးလိုသူများသည် စနစ်ပြန်လည်အသုံးပြုနိုင်ရန် အချိန်အနည်းငယ်စောင့်ဆိုင်းပြီးမှသာ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent