ဟူသီရ် ပစ်သော ဒုံးကျည်ထိမှန်သဖြင့် ယီမင်ကမ်းရိုးတန်းတွင် MQ-9  ရီပါဒရုန်း ပျက်ကျသွားသည်ဟု အမေရိကန် ပြောကြား

ဟူသီရ် ပစ်သော ဒုံးကျည်ထိမှန်သဖြင့် ယီမင်ကမ်းရိုးတန်းတွင် MQ-9  ရီပါဒရုန်း ပျက်ကျသွားသည်ဟု အမေရိကန် ပြောကြား
အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်၌ MQ-9  ရီပါဒရုန်း ပျံသန်းနေပုံကို ၂၀၁၅ ခုနှစ်တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo:Getty Images)
အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်၌ MQ-9  ရီပါဒရုန်း ပျံသန်းနေပုံကို ၂၀၁၅ ခုနှစ်တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo:Getty Images)
Published 21 February 2024

အီရန်ကျောထောက်နောက်ခံပြု ဟူသီရ်သူပုန်များ ပစ်လွှတ်လိုက်သော ဒုံးကျည် ထိမှန်သွားခဲ့ပြီးနောက် အမေရိကန် MQ-9  ရီပါဒရုန်းသည် ယီမင်ကမ်းရိုးတန်းအလွန်တွင် ပျက်ကျသွားခဲ့သည်ဟု ဖေဖော်ဝါရီ ၂၀ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ခြင်း နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သော MQ-9 ဒရုန်းသည် လွန်ခဲ့သောလများတွင် ယီမင်အနီး၌ ဒုတိယအကြိမ် ပျောက်သွားခြင်းဖြစ်သည်။ ဟူသီရ်တို့က အခြားဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု လွန်ခဲ့သောနှစ်တွင် အမေရိကန် တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

သူသီရ်သူပုန်တို့ အမေရိကန်ပိုင် ကုန်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်သည့် နေ့နှင့်တစ်နေ့တည်းတွင် ဒရုန်းပစ်ချခံရခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၁၉ ရက်မှာ MQ-9  ဒရုန်းဟာ ယီမင်ရဲ့ ဟူသီရ်ထိန်းချုပ်ထားတဲ့ ဒေသရဲ့ ကမ်းရိုးတန်းအလွန်မှာ ပစ်ချခံရတာ ဒါမှမဟုတ် ပျက်ကျခဲ့တာပါ”ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယသတင်းပြန် ကြားရေးဝန်ကြီး ဆာဘရီနာဆင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကနဦးတွေ့ရတာတွေကတော့ ဒရုန်းဟာ ဟူသီရ်ရဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခံရတယ်ဆိုတာကို တွေ့ရတာပဲဖြစ်ပါတယ်”ဟု ဆင်းက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် MQ-9  ဒရုန်းကို မိမိတို့ ပစ်ချခဲ့သည်ဟု ဟူသီရ်က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဟူသီရ်တို့က အခြား MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက ပြော ကြားခဲ့သည်။

အမေရိကန်နှင့် ညွန့်ပေါင်းအဖွဲ့တို့က လေယာဉ်တစ်စီးနှင့် စစ်သင်္ဘောများသည် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီမှ နောက်တစ်နေ့အကူးဖြစ်သော ဖေဖော်ဝါရီ ၂၁ ရက် နံနက် ဝဝး၃၀ နာရီအကြားတွင် တစ်လမ်း သွားတိုက်ခိုက်ရေး ဒရုန်း ၁၀ စင်းကို ပစ်ချခဲ့သည်ဟု ဖေဖော်ဝါရီ ၂၀ ရက် စောစောပိုင်းတွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ပြောကြားခဲ့သည်။

ပြင်သစ်ရေတပ်သည် ညပိုင်းတွင် ပင်လယ်နီ၌ ဒရုန်းနှစ်စီးကို ဖျက်ဆီးခဲ့သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဆိုသော်လည်း အဆိုပါ ဒရုန်းနှစ်စီးသည် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့သည့် ပစ်ချဒရုန်းစာရင်းတွင် ပါဝင်ခြင်းရှိ မရှိဆိုသည်ကို ချက်ချင်း မသိရပေ။

အမေရိကန်ဖျက်သင်္ဘောသည် ဖေဖော် ၀ါရီ ၂၀ ရက် စောစောပိုင်းတွင် ၎င်းသင်္ဘော၏ တည့်တည့်ကို ဦးတည်လာနေသော သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့သည်ဟု ဗဟိုကွပ်ကဲရေးဌာနက ပြောကြားခဲ့ သည်။ အမေရိကန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ယီမင်တွင် ဒရုန်းတစ်စင်းကိုလည်းကောင်း၊ ဒုံးကျည်ပစ်လွှတ်သော လောင်ချာကိုလည်းကောင်း ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းကြောင့် ဂရိအလံတင် အမေရိကန်ပိုင် M/V Sea Champion  သင်္ဘောသည် အသေးစားပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ဒရုန်းတစ်စင်းသည် မာရှယ်ကျွန်းစုများ အလံတင် ထားသည့် အမေရိကန်ပိုင်သင်္ဘောကြီးဖြစ်သော M/V Navis Fortuna ကို ထိမှန်သွားခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ပြောကြားခဲ့သည်။

အမေရိကန်သင်္ဘောနှစ်စင်းကို အေဒင်ပင်လယ်ကွေ့တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ဟူသီရ်တို့က ထုတ်ပြန်ခဲ့သည်။ ပထမသင်္ဘောမှာ Sea Champion ဖြစ်ပြီး ဒုတိယသင်္ဘောမှာ Navis Fortuna ဖြစ်သည်ဟု ဆိုသည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဒုက္ခရောက်နေသော ပါလက်စတိုင်းပြည်သူများကို ထောက်ခံသည့်အနေဖြင့် အစ္စရေးနှင့် ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဟူသီရ်က ပြောသည်။ ရေ ကြောင်းဘေးကင်းရေးအတွက် ဟူသီရ်ပစ်မှတ်များကို တိုက်ခိုက်နေသည်ဟု အမေရိကန်က ပြောကြားသည်။

Ref:AFP

Most Read

Most Recent