ယူကရိန်းတွင် မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း CAR ထုတ်ပြန်

ယူကရိန်းတွင် မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း CAR ထုတ်ပြန်
၂၀၂၂ ခုနှစ် ဇူလိုင်လက ပြုံယမ်းမြို့တော်ရှိ လက်နက်ပြပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ယာ-ဒု) နှင့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုက်ဂူ (ယာ-တ) တို့ကို တွေ့ရစဉ်(Photo:AP)
၂၀၂၂ ခုနှစ် ဇူလိုင်လက ပြုံယမ်းမြို့တော်ရှိ လက်နက်ပြပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ယာ-ဒု) နှင့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုက်ဂူ (ယာ-တ) တို့ကို တွေ့ရစဉ်(Photo:AP)
Published 21 February 2024

ယူကရိန်းနိုင်ငံတွင် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီး ထိုအစိတ်အပိုင်းများအနက် အမေရိကန်နှင့် ဥရောပတွင် အခြေစိုက်သည့် ကုမ္ပဏီများ၏ အမှတ်တံဆိပ်များပါရှိသည့် အစိတ်အပိုင်းများပါဝင်ခဲ့ကြောင်း ပဋိပက္ခ လက်နက်တပ်ဆင်မှု သုတေသနအဖွဲ့ (CAR) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ ပြင်းထန်သည့်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့်တိုင် ၎င်း၏လက်နက်များအတွက် အနောက်နိုင်ငံလုပ် အစိတ်အပိုင်းများကို ရယူနိုင်စွမ်းရှိနေပြီး ထိုလက်နက်များကို ယူကရိန်း စစ်ပွဲတွင်အသုံးပြုရန် ရုရှားအား ထောက်ပံ့ပေးခဲ့သည့်အခြေအနေကို CAR ၏ ထုတ်ပြန်ချက်က ညွှန်ပြနေသည်။

ယူကရိန်းတွင်တွေ့ရှိခဲ့သည့် မြောက်ကိုရီးယားနိုင်ငံက ထုတ်လုပ်ခဲ့သည့် ပဲ့ထိန်းဒုံး ကျည်တစ်စင်းကို စစ်ဆေးခဲ့ချိန်တွင် မြောက်ကိုရီးယား ပြည်တွင်းဖြစ်မဟုတ်သည့် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်း ၂၉၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု CAR က ပြောကြားခဲ့သည်။

ထိုဒုံးကျည်အစိတ်အပိုင်းများ၏ ၇၅ ရာခိုင်နှုန်းသည် အမေရိကန်တွင်ရှိသည့် ကုမ္ပဏီများနှင့် ဆက်နွှယ်မှုရှိကာ ၁၆ ရာခိုင်နှုန်းသည် ဥရောပရှိ ကုမ္ပဏီများနှင့် ဆက်နွှယ်မှုရှိကြောင်း CAR က ထုတ်ပြန်ခဲ့သည်။

အဆိုပါအစိတ်အပိုင်းများ၏ ထက်ဝက်ခန့်သည် ထုတ်လုပ်သည့် နေ့စွဲများပါဝင်သည့် ကုဒ်နံပါတ်များပါဝင်ပြီး ထိုကုဒ်နံပါတ်များထဲမှ ၇၅ ရာခိုင်နှုန်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား ထုတ်လုပ်ထားသည်ကို ဖော်ပြ ထားသည်ဟု CAR က ပြောသည်။

ထိုထုတ်လုပ်မှုနေ့စွဲများကို အခြေခံပြီး ခါကိဗ်မြို့တွင် တွေ့ရှိခဲ့သည့် ဒုံးကျည်သည် ၂၀၂၃ ခုနှစ် မတ်လမတိုင်မီ ထုတ်လုပ်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း CAR က ကောက်ချက်ချခဲ့သည်။

CAR သည် ယခုနှစ် ဇန်နဝါရီ ၂ ရက်က ခါကိဗ်မြို့တွင်တွေ့ရှိခဲ့သည့် ဒုံးကျည်တစ်စင်းကို လေ့လာပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်ကလည်း မြောက်ကိုရီးယားသည် ရုရှားကို ပဲ့ထိန်းဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာများ ထောက်ပံံ့ပေးခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုအတွက် ကြိုတင် ပြင်ဆင်ရာတွင် ဒုံးပစ်လောင်ချာများ ထုတ်လုပ်မှုအား တိုးမြှင့်ရန် တိုက်တွန်းနေချိန်တွင် အိမ်ဖြူတော်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သည့် ကီလိုမီတာ ၉၀၀ ( မိုင် ၅၅၀) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ဒုံးကျည်များကို ရုရှားက အသုံးပြုပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက ရုရှားကို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တဲ့ လောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ညွှန်ပြ  နေပါတယ်။ ဒါဟာ မြောက်ကိုရီးယားက ရုရှားကို ထောက်ပံ့ပေးနေတယ်ဆိုတာ သိသာထင် ရှားနေပါတယ်”ဟု ကာဘီက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအခြေအနေများအရ အမေရိကန်လွှတ်တော်အနေနှင့် ယူကရိန်းအတွက် အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုထောက်ခံပေးရန် လိုအပ်နေကြောင်းကို မီးမောင်းထိုး ပြသရာရောက်နေသည်ဟုလည်း ကာဘီက ပြောကြားခဲ့သည်။                         Ref:AFP

Most Read

Most Recent