ကိုရီးယားရှိကျောင်းများသို့ ကြားခံများမှတဆင့် ပညာသင်ကြေးပေးသွင်းရာတွင် ကျောင်းသူကျောင်းသားများ နစ်နာမှုများရှိနေပြီး လိုအပ်သည့် စိစစ်မှုများပြုလုပ်သွားမည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်

ကိုရီးယားရှိကျောင်းများသို့ ကြားခံများမှတဆင့် ပညာသင်ကြေးပေးသွင်းရာတွင် ကျောင်းသူကျောင်းသားများ နစ်နာမှုများရှိနေပြီး လိုအပ်သည့် စိစစ်မှုများပြုလုပ်သွားမည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်
Published 21 February 2024

ကိုရီးယားရှိကျောင်းများသို့ ကြားခံများမှတဆင့် ပညာသင်ကြေးပေးသွင်းရာတွင် ကျောင်းသူကျောင်းသားများ နစ်နာမှုများရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်၍ လိုအပ်သည့် စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ၊ ကိုရီးယားဘာသာစကားသင်တန်းကျောင်းများသို့ သင်တန်းတက်ရောက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် ကျောင်းဝင်ခွင့်ရရှိပြီးနောက် သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများသို့ ကျောင်းဝင်ကြေးများနှင့် ပညာသင်ကာလအလိုက် ပေးသွင်းရမည့် သင်တန်းကြေးများအား ပေးသွင်းရာတွင် မြန်မာနိုင်ငံရှိဘဏ်များမှတစ်ဆင့် ယင်းတက္ကသိုလ်ကျောင်းများ၏ သတ်မှတ်ပေးထားသည့် ဘဏ်ငွေစာရင်းများသို့ တိုက်ရိုက်လွှဲပြောင်းပေးသွင်းရမည်ဖြစ်ရာ တိုက်ရိုက်လွှဲပြောင်းပေးသွင်းနိုင်ခြင်း မရှိသူများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော အသိမိတ်ဆွေများနှင့် ပညာရေးဝန်ဆောင်မှုကုမ္ပဏီအချို့မှတစ်ဆင့် ပေးသွင်းနေမှုများ ပြုလုပ်လျက်ရှိနေကြကြောင်း ဖေဖော်ဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းသို့ပေးသွင်းရာတွင် ကိုရီးယားဘက်ရှိ အသိမိတ်ဆွေနှင့် ကုမ္ပဏီအချို့သည် သက်ဆိုင်ရာကျောင်းများသို့ အမှန်တကယ် ပေးသွင်းပေးမှုများမရှိသဖြင့် မြန်မာနိုင်ငံမှကိုရီးယားနိုင်ငံသို့ လာရောက်ပညာသင်ကြားကြမည့်သူများသည် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိရာ၊ မြန်မာသံရုံးသို့ အထောက်အထားများတင်ပြ၍ တိုင်ကြားလာမှုများရှိကြောင်း ၊ ယင်းကြောင့် ပညာသင်စရိတ်များ လွှဲပြောင်းပေးပို့ရာတွင် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများ၊ အငြင်းပွားမှုများနှင့် တရားရင်ဆိုင်မှုများ ဖြစ်ပွားလာခြင်းမရှိစေရန်အတွက် လွှဲပြောင်းပေးသူများအနေဖြင့် ငွေများအားလွှဲပြောင်းပေးပို့ခြင်းမပြုမီ သေချာစိစစ်စုံစမ်းပြီးမှသာ လွှဲပြောင်းကြရန်နှင့် အလျင်စလိုလွှဲပြောင်းခြင်းများ မပြုလုပ်ကြရန် ၊ မြန်မာသံရုံးအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်၍ လိုအပ်သည့် စိစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း  ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent