မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား နစက ဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံရာတွင် ဆွေးနွေး

မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား နစက ဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံရာတွင် ဆွေးနွေး
Published 20 February 2024

မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား နစက ဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Haiနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် အဆင်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ခဲ့မှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရေး ဆက်လက်၍လည်း အပြန်အလှန်သွားရောက်မည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာ ယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးချင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှုအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အ​ခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နှင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ယူနန်ပြ​​ည်နယ်အနေဖြင့် နည်းပညာအကူအညီများပေးအပ်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်တို့အား တိုက်ရိုက်ပေးချေခြင်းကြောင့် ကုန်သွယ်မှုများ ပိုမိုအဆင်ပြေချောမွေ့သည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ရထားလမ်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မော်တော်ကားလမ်းများ လမ်းပန်းဆက်သွယ်မှု ချောမွေ့စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပန်းမန်စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent