ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် နေအိမ် ၁၅ လုံး မီးလောင်မှုဖြစ်ပွား

ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် နေအိမ် ၁၅ လုံး မီးလောင်မှုဖြစ်ပွား
Published 20 February 2024

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၊ ရပ်ကွက် (၁၂) နေ ဒေါ်အေးဝင်းဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု သိရကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒေါ်အေးဝင်း အိမ်မှာ ဆိုလာနဲ့ ဘက္ထရီအားသွင်းထားတာက အပူလွန်ကဲပြီး စလောင်တာလို့ ကောက်ချက်ချထားပါတယ်” ဟု ပြောကြားသည်။

မီးလောင်မှုကြောင့် ဒေါ်အေးဝင်း၏ နေအိမ်အပါအဝင် နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ‌၎င်းဒေသခံက ဆိုသည်။

အဆိုပါမီးလောင်မှုအား မော်လမြိုင်ခရိုင်နှင့် မြို့နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်အထောက်အကူပြုယာဉ်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မုဒွန်းကျေးရွာအတွင်း နေအိမ်များစိပ်ခြင်း၊ ရွာလမ်းများကျဉ်းမြောင်းသည့်အတွက်ကြောင့် မလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများသွားရခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“မီးလောင်တဲ့နေရာအထိကို မီးသတ်ကားကြီးတွေ ဝင်ဖို့ခက်လို့ မီးသတ်ပိုက်တွေအရှည်ကြီးဆက်ပြီးတော့မှ သွားငြှိမ်းရတာ။ နောက်ပြီးလေကလည်းတိုက်နေတော့ အချိန်တိုအတွင်းမှာ တခြားအိမ်တွေကို ကူးစက်လောင်ကျွမ်းသွားတာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်မျာဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် ပြည်သူများအတွက် မုဒွန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent