ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး
Photo-Bloomberg
Photo-Bloomberg
Published 20 February 2024
Ref:Bangkok Post

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများသည် ဥပဒေအရ အရေးယူခံရမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက သတိပေးခဲ့သည်။

မြန်မာလူငယ်များ ဧပြီလမှစတင်၍ မဖြစ်မနေစစ်မှုထမ်းရမည့် အစီအမံများကို နစက,က ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံသားများ၏ ဗီဇာလျှောက်ထားမှုမှာ သိသိသာသာမြင့်တက်လာခဲ့ရာ ထိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

“သူတို့ဟာ နိုင်ငံကို တရားဝင် ဝင်ရောက်လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်တော့ သူတို့ကို တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော်ဟာ လုံခြုံရေးဌာနတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြောကြားခဲ့သည်။

မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင်ငံသားများထံ အလုပ်အကိုင်များကို ရယူသွားလိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီးချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်းကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ အလုပ်အကိုင်မဲ့နှုန်းသည် လက်ရှိအချိန်တွင် တစ်ရာခိုင်နှုန်းထက်နည်းသည်ဟု ၎င်းက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထံမှ လုပ်သားအများအပြားကို လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် မှန်ကန်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏စစ်မှုထမ်းစေခြင်းက ထိုင်းနှင့်မြန်မာ နိုင်ငံနားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော အလုပ်သမားများကို ကာမိစေမည်ဖြစ်ပြီး ယင်းက စီးပွားရေးလုပ်ငန်းအချို့ကို ထိခိုက်စေသည့် လုပ်သားပြတ်လပ်မှုများကို ဦးတည်စေလိမ့်မည်ဟု သမ်မာဆက်တက္ကသိုလ်ရှိ ပရီဒီဘာနိုမြောင်အင်စတီကျု၏အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အနူဆွန်းတာမာဂျိုင်က ပြောကြားခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းခြင်း၏ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများ ဝင်ရောက်မှု မြင့်တက်လာခြင်းနှင့် တရားမဝင် အလုပ်လုပ်ခြင်းတို့ မြင့်တက်လာခြင်းကို မြင်ရလိမ့်မည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ တစ်နေ့လျှင် ဗီဇာလျှောက်လွှာ ၄၀၀ ကိုသာလျှင် လက်ခံမည်ဟု သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးသွား ရည်ရွယ်ချက်များဖြင့် ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပြီး ၁၄ ရက်အထိ နေထိုင်နိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားအများအပြားသည် ဗီဇာလျှောက်ထားရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကို ရောက်လာကြသည်ဟု မြန်မာနိုင်ငံရှိ သတင်းအရင်းအမြစ်မျာက ပြောကြားခဲ့သည်။ အရေအတွက်သည် တစ်ရက်လျှင် တစ်ထောင်ရှိသည်ဟု ခန့်မှန်းကြောင်း သတင်းအရင်းအမြစ်များက  ပြောကြားသည်။

Most Read

Most Recent