ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေဖြင့် တော်ဝင်အသရေဖျက်မှုဥပဒေ ချိုးဖောက်ခဲ့ခြင်းရှိမရှိကို ထိုင်းအစိုးရရှေ့နေများ ထပ်မံစုံစမ်းစစ်ဆေးမည်

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေဖြင့် တော်ဝင်အသရေဖျက်မှုဥပဒေ ချိုးဖောက်ခဲ့ခြင်းရှိမရှိကို ထိုင်းအစိုးရရှေ့နေများ ထပ်မံစုံစမ်းစစ်ဆေးမည်
ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘန်ကောက်မြို့ရှိ ရဲဘက်ဆေးရုံမှ ဆင်းလာပြီးနောက် ၎င်း၏မိသားစုပိုင်ခြံဝင်းထဲသို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘန်ကောက်မြို့ရှိ ရဲဘက်ဆေးရုံမှ ဆင်းလာပြီးနောက် ၎င်း၏မိသားစုပိုင်ခြံဝင်းထဲသို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo: AFP)
Published 19 February 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေဖြင့် တော်ဝင်အသရေဖျက်မှု ဥပဒေချိုးဖောက်ခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမှုများထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဘီလျံနာတစ်ဦးဖြစ်သည့် သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက ခံဝန်ချုပ်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်။

သို့သော်သက်ဆင်အနေဖြင့် ခြေချင်းဝတ်တွင် အီလက်ထရွန်းနစ်ကိရိယာဝတ်ဆင်စေ၍ စောင့်ကြည့်ခံရခြင်း၊ ခရီးသွားလာခွင့်ကန့်သတ်ခံရခြင်းတို့နှင့် ကြုံရဖွယ်ရှိသည်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှဖြုတ်ချခံရသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

၇၄ နှစ်အရွယ် ဘီလျံနာသက်ဆင်သည် ထိုင်းသို့ပြန်ရောက်ရောက်ချင်းမှာပင်  အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။

ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့သည်။

သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနီးပါးက ပြောကြားခဲ့သည့် မှတ်ချက်စကားများအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်က တောင်ကိုရီးယားတွင် ပြောကြားခဲ့သည့် သက်ဆင်၏ မှတ်ချက်စကားများသည် တော်ဝင်အသရေဖျက်မှု ဥပဒေကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ထပ်မံစုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရ ရှေ့နေချုပ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောခွင့်ရက သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အစိုးရရှေ့နေများက သက်ဆင်အား ဧပြီလထဲတွင် လာရောက်အစစ်ဆေးခံရန်ဆင့်ခေါ်ထားပြီး ထို့နောက်တွင် ၎င်းအား တရားစွဲဆိုမည် သို့မဟုတ် အချိန်ထပ်ယူ၍ စုံစမ်းစစ်ဆေးမည်ဆိုသည်ကို ကြေညာဖွယ်ရှိကြောင်း သိရသည်။

သက်ဆင်သည် အစိုးရရှေ့နေချုပ်ရုံးသို့ ဘီးတပ်ကုလားထိုင်ဖြင့် လာရောက်တွေ့ဆုံခဲ့ပြီး ကြားရုံလောက်သာ လေသံတိုးတိုးဖြင့် စကားပြောဆိုခဲ့ကြောင်းနှင့် ၎င်း၏အာမခံအတွက် ဘတ်ငါးသိန်းသတ်မှတ်ထားကြောင်း ရာဇဝတ်မှုဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးက ဆိုသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး တော်ဝင်အသရေဖျက်မှု ဥပဒေများကို ပြဋ္ဌာန်းကာ ဘုရင်မဟာဝဇီရာလောင်ကွန်းနှင့် တော်ဝင်မိသားစုကို အကာအကွယ်ပေးထားပြီး ယင်းဥပဒေအရ စွဲချက်တစ်ခုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက လူထုကြိုက်မူဝါဒများကြောင့် သန်းနှင့်ချီသည့် ကျေးလက်နေပြည်သူများ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ဘုရင်စနစ်ထောက်ခံသူများနှင့် စစ်တပ်လိုလားသော သြဇာရှိရှေးရိုးဝါဒီများ၏ အမျက်ရှခြင်းကို ခံခဲ့ရသည်။

Ref: AFP

Most Read

Most Recent