အမေရိကန်က မိမိကိုယ်ကိုယ်ကာကွယ်သည့်အနေဖြင့် ဟူသီရ်ထိန်းချုပ်ထားသော ယီမင်ဒေသများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်

အမေရိကန်က မိမိကိုယ်ကိုယ်ကာကွယ်သည့်အနေဖြင့် ဟူသီရ်ထိန်းချုပ်ထားသော ယီမင်ဒေသများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်
တိုမာဟော့ မြေပြင်တိုက်ခိုက်ရေးဒုံးကျည်(TLMA)တစ်စင်းကို ဖေဖော်ဝါရီ ၃ ရက်တွင် အမေရိကန်စစ်သင်္ဘော ဂရာဗီလီပေါ်မှ ပစ်လွှတ်နေပုံကိုတွေ့ရစဉ် (Photo: Reuters)
တိုမာဟော့ မြေပြင်တိုက်ခိုက်ရေးဒုံးကျည်(TLMA)တစ်စင်းကို ဖေဖော်ဝါရီ ၃ ရက်တွင် အမေရိကန်စစ်သင်္ဘော ဂရာဗီလီပေါ်မှ ပစ်လွှတ်နေပုံကိုတွေ့ရစဉ် (Photo: Reuters)
Published 19 February 2024

အမေရိကန်ပြည်ထောင်စုသည် အီရန်ကျော‌ထောက်နောက်ခံပြု ဟူသီရ်သူပုန်တို့ ထိန်းချုပ်ထားသော ယီမင်နယ်မြေများတွင် မိမိကိုယ်ကိုယ်ကာကွယ်သော တိုက်ခိုက်မှု ငါးကြိမ်လုပ်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၈ ရင်တွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာန(CENTCOM)က ထုတ်ပြန်ခဲ့သည်။

ရွေ့လျားသင်္ဘောဖျက်ခရုစ်ဒုံးကျည် သုံးစင်း၊ ရေအောက်သုံးဒရုန်းတစ်စင်း၊ ရေပေါ်သုံးဒရုန်းတစ်စင်းတို့ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ထိမှန်ခဲ့သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၂၃ ရက်တွင် ဟူသီရ်တို့ တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးသိရသည့် ဟူသီရ်၏ရေအောက်သုံးဒရုန်း(UUV)ဖြန့်ကြက်မှုဖြစ်သည်ဟု CENTCOM လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်များနှင့် ဒရုန်းများသည် ယင်းဒေသကို ရောက်နေသော အမေရိကန် ရေတပ်သ‌င်္ဘောများနှင့် ကုန်သင်္ဘောများအတွက် ချက်ချင်းလက်ငင်းခြိမ်းခြောက်မှုဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

ဟူသီရ်သူပုန်တို့က တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားထားရာ ယင်းသည်အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့်ဆက်စပ်ပြီး အရှေ့အလယ်ပိုင်း၌ အကျပ်အတည်းကြီးထွားလာမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်လာခဲ့သည်။ ပင်လယ်နီ၌ ဟူသီရ်တို့၏ တိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများကို မြင့်တက်လာစေခဲ့ပြီး အီရန်တိုက်ရိုက်ပါဝင်ပတ်သက်လာသည့် ပိုမိုကျယ်ပြန့်သော စစ်ပွဲတစ်ရပ်ဖြစ်ပွားလာ မည့်စိုးရိမ်မှုများလည်းပေါ်ပေါက်လျက်ရှိသည်။         

ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းသည် ပင်လယ်နီကို ဖြတ်သန်းခြင်းဖြစ်သောကြောင့် ပင်လယ်နီသည် အရေးပါသောရေလမ်းကြောင်းဖြစ်သည်ဟု သင်္ဘောဖြင့်ကုန်ဆောင်ပို့ဆောင်သော အပြည်ပြည် ဆိုင်ရာကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ပင်လယ်နီသည် မြေထဲပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ထားခြင်းဖြစ်ရာ ဥရောပနှင့်အာရှကို ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ နှစ်စဉ် သင်္ဘော ၂၀,၀၀၀ သည် ပင်လယ်နီကို အဝင်အထွက်လုပ်နေသော ဂိတ်ပေါက်ဖြစ်သည့် စူးအက်တူးမြောင်းကို ဖြတ်သန်းသည်။

ဥရောပနှင့်အာရှကို ဆက်သွယ်ထားသည့် ပင်လယ်နီဒေသကိုရှောင်၍ အာဖရိကတောင်ဘက်ဖျားပိုင်းရှိ ဂွတ်ဟုပ်အငူမှ တစ်ဆင့်လမ်းလွှဲ၍သွားခြင်းက အချိန်များစွာ ကြာမြင့်ပြီး ကုန်တင်ခလည်းများပြားသည်ဟု သိရသည်။

ပင်လယ်နီ အနီးတစ်ဝိုက်ခုတ်မောင်းနေသော သင်္ဘောများကို ဟူရ်သီကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက  အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဦးတည်စေခဲ့ပြီး အမေရိကန်နှင့်ဗြိတိန်တို့ပူးပေါင်းကာ ဟူသီရ်ပစ်မှတ်များကို လက်ဦးမှုရယူတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်တိုင် ဟူသီရ်တို့က ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ကုန်သင်္ဘောတစ်စင်းသည် ဘက်အယ်လ်မန်ဒက်ရေလက်ကြားတွင် တိုက်ခိုက်ခံရသည်ဟု ရေကြောင်းလုံခြုံရေးကုမ္ပဏီ  အမ်ဘရေးက သတင်းထုတ်ပြန်ခဲ့သည်။

ဟိုဒေဒါဆိပ်ကမ်းမြို့အပါအဝင် ယီမင်၏စစ်ဒဏ်သင့် ဒေသအများစုကို ထိန်းချုပ်ထားသော ဟူသီရ်သည် နိုဝင်ဘာတွင် ပင်လယ်နီ၌ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဂါဇာရှိ ပါလက်စတိုင်းပြည်သူများကို ထောက်ခံသည့်အနေဖြင့် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု  ဟူသီရ်က အကြောင်းပြသည်။ရေကြောင်းဘေးကင်းရေးအတွက် ဟူသီရ်ပစ်မှတ်များကို တိုက်ခိုက်နေသည်ဟု အမေရိကန်က ပြောကြားသည်။                   

Ref: Reuters,AFP

Most Read

Most Recent