ပါပူအာနယူးဂီနီနိုင်ငံတွင် လူမျိုးစုအကြမ်းဖက်မှုများကြောင့် လူ ၆၄ ဦး သေဆုံး

ပါပူအာနယူးဂီနီနိုင်ငံတွင် လူမျိုးစုအကြမ်းဖက်မှုများကြောင့် လူ ၆၄ ဦး သေဆုံး
ဖေဖော်ဝါရီ ၁၉ ရက်က ပါပူအာနယူးဂီနီနိုင်ငံ ၀ါဘက်မြို့အနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့များကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၉ ရက်က ပါပူအာနယူးဂီနီနိုင်ငံ ၀ါဘက်မြို့အနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့များကို တွေ့ရစဉ်(Photo: AFP)
Published 19 February 2024

ပါပူအာနယူးဂီနီနိုင်ငံ၏ ပြိုင်ဘက်လူမျိုးစုများအကြား အကြမ်းဖက်မှုများကြောင့် လူပေါင်း ၆၄ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက လူမျိုးစုအဖွဲ့တစ်ဖွဲ့သည် ပြိုင်ဘက်လူမျိုးစုတစ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် တိုက်ခိုက်ခံခဲ့ရသည့် လူမျိုးစုများဘက်မှ တိုက်ခိုက်ရေးသမား ၆၄ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက်အတိအကျကို တိကျစွာမသိရသေးကြောင်း တာဝန်ရှိသူများက နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်ခဲ့သည်။

ပါပူအာနယူးဂီနီ၏ ပို့ မိုရက်စ်ဘီမြို့တော် အနောက်မြောက် ကီလိုမီတာ ၆၀၀ အကွာရှိ ၀ါပန်နာမန်ဒါကျေးရွာအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း တရားဥပဒေစိုးမိုးမှုမရှိသည့် နေရာဒေသများတွင် ပြိုင်ဘက်လူမျိုးစုများဖြစ်သည့် ဆစ်ကင်၊ အမ်ဘူလင်၊ ကေကင်နှင့် အခြားလူမျိုးစုများအကြား အပြန်အလှန်တိုက်ခိုက်သတ်ဖြတ်မှုများဖြစ် ပွားခဲ့သည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကုန်းမြင့်ဒေသတစ်ခု၏ လမ်းတစ်ခု၏ဘေးတွင် သွေးထွက်သံယို လူသေအလောင်းများကို ဖော်ပြထားသည်။

သေဆုံးသည့် အမျိုးသားအချို့တွင် ပြတ်ရှဒဏ်ရာများတွေ့ရပြီး ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် ဘီယာပုလင်းများနှင့် ဘီယာဘူးများ တင်ထားသည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံများတွင်ဖော်ပြခဲ့သည်။

ထို့ပြင် အနီးဝန်းကျင်၏ တောင်ကြားဒေသများတွင်လည်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အလောင်းများကို ထပ်မံတွေ့ရှိနေသဖြင့် သေဆုံးသူအရေအတွက်သည် တိကျမှုမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိအချိန်အထိ ရရှိထားသည့် သတင်းများအရ သေဆုံးသည့်လူမျိုးစုအမျိုးသားအရေအတွက်သည် ၄၉ ဦးမှ ၆၄ ဦး အကြားရှိသည်ဟု ထိပ်သီးရဲတပ်ဖွဲ့အရာရှိနှင့် အစိုးရအရာရှိများက ပြောကြားခဲ့သည်။

“ချုံတောတွေထဲမှာ အလောင်းတွေကို ထပ်တွေ့နေရတာကြောင့် သေဆုံးသူနဲ့ဒဏ်ရာရသူ စုစုပေါင်း အရေအတွက်ကို စိစစ်သုံးသပ်နေဆဲဖြစ်ပါတယ်”ဟု ရဲမင်းကြီး ဒေးဗစ်မန်းနင်းက ဖေဖော်ဝါရီ ၁၉ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် ကျက်သရေကင်းမဲ့ပြီး  ရက်စက်သည့်လုပ်ရပ်ဖြစ်ကာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်အတွက် ထိုဒေသသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များတိုးမြှင့်ချခဲ့သည်ဟု မန်းနင်းက ပြောကြားခဲ့သည်။

“နောက်ထပ် အကြမ်းဖက်မှုတွေနဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် အင်အားအကုန်သုံးပြီး လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

“အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမယ်ဆိုရင် ပြင်းပြင်းထန်ထန် အင်အားသုံးဖြေရှင်းဖို့လည်း ညွှန်ကြားချက်ထဲမှာ ပါဝင်ပါတယ်”ဟု မန်းနင်းက ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီနိုင်ငံ၏ ကုန်းမြင့်ဒေသများတွင် ပြီးခဲ့သည့် ရာစုနှစ်များကတည်းက လူမျိုးစုများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်ခဲ့ကြသော်လည်း ကြေးစားစစ်သားများနှင့်သေနတ်များ အများအပြားဝင်ရောက်လာချိန်တွင် တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်မှုသံသရာလည်း ပိုမိုမြင့်တက်လာခဲ့သည်။

သေနတ်သမားများသည် SLR ၊ AK-47 ၊M4 ၊ AR15 နှင့် M16 ရိုင်ဖယ်များ၊ တူးမီးများနှင့် လက်လုပ်သေနတ်များကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ထို့ပြင် သေဆုံးသူအများစုမှာ ပြိုင်ဘက်မျိုးနွယ်များအကြား ငှားရမ်းထားသည့် ကြေးစားစစ်သားများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြော ကြားခဲ့သည်။                      

Ref: AFP

Most Read

Most Recent