တစ်ရာသီလျှင် စီးရီးအေသွင်းဂိုး (၂၀)နှင့်အထက်အား (၃)ရာသီဆက်သွင်းယူနိုင်သည့် တတိယမြောက် အင်တာမီလန်ကစားသမားအဖြစ် မာတီနက်ဇ်မှတ်တမ်းဝင်

တစ်ရာသီလျှင် စီးရီးအေသွင်းဂိုး (၂၀)နှင့်အထက်အား (၃)ရာသီဆက်သွင်းယူနိုင်သည့် တတိယမြောက် အင်တာမီလန်ကစားသမားအဖြစ် မာတီနက်ဇ်မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 19 February 2024

အင်တာမီလန်အသင်း၏ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ဆလာနီတာနာအသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် စီးရီးအေပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ယခုရာသီစီးရီးအေသွင်းဂိုး (၂၀)ပြည့်မြောက်ခဲ့ပြီး  တစ်ရာသီလျှင် စီးရီးအေသွင်းဂိုး (၂၀)နှင့်အထက်အား  (၃)ရာသီဆက်သွင်းယူနိုင်သည့် တတိယမြောက်အင်တာမီလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် နောက်ဆုံး (၅)ရာသီဆက်တိုက် အင်တာမီလန်အသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ယခုရာသီ စီးရီးအေပွဲစဉ် (၂၂)ပွဲကစားပြီးချိန်တွင် (၂၀) ဂိုးအထိသွင်းယူကာ အသင်းသမိုင်း၏ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းတစ်ခုကို လိုက်မီခဲ့ခြင်းဖြစ်သည်။

လော်တာရိုမာတီနက်ဇ်မတိုင်မီ အင်တာမီလန်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီစီးရီးအေသွင်းဂိုး (၂၀)နှင့်အထက်ကို  အနည်းဆုံး (၃)ရာသီဆက်တိုက်သွင်းယူနိုင်ခဲ့သူများအဖြစ် ဂူဆက်စပီမက်ဇ်ဇာ (၅ ရာသီဆက်တိုက် ၁၉၂၉-၃၀ ရာသီမှ ၁၉၃၃-၃၄ ရာသီအထိ) နှင့် စတီဖာနိုနိုင်ယာ (၄ ရာသီဆက် ၁၉၄၈- ၄၉ ရာသီမှ ၁၉၅၁-၅၂ ရာသီအထိ)တို့က မှတ်တမ်းဝင်ထားပြီး နှစ်ပေါင်း (၇၀)ကျော်အကြာတွင် မာတီနက်ဇ်က တစ်ကျော့ပြန်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မာတီနက်ဇ်သည် (၂၁)ရာစုအတွင်း အင်တာမီလန်အသင်းအတွက် (၄)ရာသီဆက်တိုက် တစ်ရာသီလျှင် စီးရီးအေသွင်းဂိုး (၁၅)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ယခုရာသီစီးရီးအေပွဲစဉ် (၂၂)ပွဲကစားပြီးချိန်တွင်ပင် ၎င်း၏ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံးစံချိန် (၂၁ ဂိုး)အားလိုက်မီရန် (၁) ဂိုးသာလိုအပ်တော့ကြောင်းသိရသည်။

၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အာဂျင်တီးနားကလပ် ရေးဆင်းအသင်းမှ အင်တာမီလန်အသင်းသို့ပြောင်းရွှေ့လာခဲ့သည့် မာတီနက်ဇ်သည် အသင်း၏အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည်ခြေစွမ်းပြခဲ့သူဖြစ်ပြီး အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၆၉)ပွဲကစားရာတွင် (၁၂၅) ဂိုးအထိသွင်းယူပေးထားနိုင်သူဖြစ်သည်။

မာတီနက်ဇ်သည် ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ယခုရာသီစီးရီးအေရွှေဖိနပ်ဆုရရှိရန်လည်း ရေပန်းအစားဆုံးဖြစ်နေပြီး အနီးဆုံးပြိုင်ဘက်ဖြစ်သည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ် (၁၃ ဂိုး) အား (၇)ဂိုးအထိသာ ရထားကြောင်းသိရသည်။

လော်တာရိုမာတီနက်ဇ်၏ စံချိန်မှတ်တမ်းနှင့်အတူ အင်တာမီလန်အသင်း၏ တိုက်စစ်အတွဲအဖက်ဖြစ်သည့် မာတီနက်ဇ်+မားကပ်စ်သူရမ်တိုက်စစ်တွဲမှာလည်း ယခုရာသီစီးရီးအေပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၃၉)ကြိမ်အထိရှိထားပြီး (မာတီနက်ဇ် ၂၀ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး/မားကပ်စ်သူရမ် ၁၀ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး) ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် နှစ်ဦးပေါင်းဂိုးပါဝင်ပတ်သက်မှုအများဆုံး တိုက်စစ်တွဲအဖြစ် မှတ်တမ်းဝင်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent