ခရီးသွားအများအပြား ဝင်ရောက်လာခြင်းနှင့်အတူ ဖရိုဖရဲဖြစ်လာသော သမိုင်းဝင် လာအိုမြို့

ခရီးသွားအများအပြား ဝင်ရောက်လာခြင်းနှင့်အတူ ဖရိုဖရဲဖြစ်လာသော သမိုင်းဝင် လာအိုမြို့
Photo: AFP
Photo: AFP
Published 18 February 2024

လွန်ပရာဘန်မြို့တွင် အရုဏ်တက်ချိန်၌ သံဃာတော်များဆွမ်းခံ ထွက်လေ့ရှိသော်လည်း ကင်မရာ ကိုင်ဆောင်ထားသည့် ကမ္ဘာလှည့် ခရီးသွားများအပြား ရောက်ရှိလာခြင်းသည် ရှေးဟောင်းလာအိုမြို့၏ သာယာအေးချမ်းမှုကို ဖြိုခွဲခဲ့သည်။

ယူနက်စကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် ယင်းနေရာသည် လွန်ခဲ့သည့်နှစ် ပထမကိုးလတာကာ လအတွင်း ခရီးသွား ၈၀၀,ဝဝဝနီးပါး လာရောက်ခဲ့ကာ ယင်းပြည်နယ်သည် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် ခရီးသွားသုံးသန်းနီးပါးလာရောက်ရန် မျှော်လင့်ထားကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုသည် လာအို၏ မတည်ငြိမ်သော စီးပွားရေးအတွင်းသို့ လိုအပ်နေသော ငွေကြေးအများအပြားရရှိသော်လည်း တည်ငြိမ်အေးချမ်းလျက်ရှိသော ပြည်နယ်မြို့ဖြစ်သော လွန်ပရာဘန်တွင် နိုင်ငံခြားခရီးသွား အဖွဲ့များလွှမ်းမိုးလာကာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ပြောင်းလဲခြင်းကြောင့် ဒေသခံများကို အကျပ်ရိုက်စေခဲ့သည်။

အထင်ရှားဆုံး ဥပမာတစ်ရပ်အနေဖြင့် Kounxoau လမ်းတစ်လျှောက်တွင် နံနက်ခင်းတိုင်းသံဃာ တော်များသည် ဆွမ်းခံထွက်လေ့ရှိကြသည်။တစ်ချိန်က ဗုဒ္ဓဘာသာဝင် ဒေသခံများနှင့်သံဃာတော်များကြား ဆွမ်းလောင်းလှူမှု အလေ့အထသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပေသည်။

လက်ရှိအချိန်တွင် ပလတ်စတစ် ထိုင်ခုံများပေါ်တွင် ထိုင်၍လှူဖွယ်ပစ္စည်းများကို ကပ်လှူနေသော ရာ နှင့်ချီသည့် ခရီးသွားများအကြား သံဃာတော်များသည် ဆွမ်းခံကြွနေရပြီး ဧည့်လမ်းညွှန်များက ဆွမ်း လောင်းနေသူများကို ဓာတ်ပုံရိုက်ကူးပေးခဲ့ကြသည်။

ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ ခရီးသွားအများအပြားသည် နံနက်ခင်းဆွမ်းလောင်းလှူမှုကို မျက်မြင်ကြည့်ရှုနိုင်ရန်အတွက် လွန်ပရာဘန်သို့ အလည်ရောက်ရှိလာကြသော်လည်း ဒေသခံများ၏ အဆိုအရ လက်ရှိတွင် ဆွမ်းလောင်းလှူမှုသည် ဓာတ်ပုံရိုက်ကူးသည့် နေရာတစ်နေရာဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

“သူတို့တွေ(ခရီးသွားတွေ)က တစ်ခုခုကို ဝယ်မယ့်အစား ဓာတ်ပုံတွေပဲ ရိုက်နေကြပါတယ်”ဟု စျေး ရောင်းချသူတစ်ဦးက ညည်းညူပြောကြားခဲ့သည်။

စျေးသည်များသည် သံဃာတော်များကို ဆွမ်းလောင်းလှူနိုင်ရန်အတွက် လှည့်လည် ရောင်းချလျက်ရှိသည်။

“ခရီးသွားဧည့်သည် လုံလုံလောက်လောက်မရှိရင် အရှုံးပေါ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သော်လည်း အကျပ်ရိုက်လေ့ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

“ခရီးသွားတွေ ပိုလာလေ ကျွန်မတို့ရဲ့ဘဝတွေက ပိုပြီးပြောင်းလဲလေပါ။ အခုတော့ ပိုပြီးဖရိုဖရဲဖြစ် ကုန်ပါတယ်”ဟု ၎င်းက ဆိုသည်။

လာအို၏ တရုတ်ရန်ပုံငွေဖြင့် အမြန်ရထားလမ်းသစ် ဖွင့်လှစ်ခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွား လာရောက်မှု မြင့်တက်ခြင်းနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် နိုင်ငံ၏ရှေးဟောင်းတော် ဝင်မြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သည် ပြောင်းလဲလာသည်။

မြို့ပြင်ဘက်တွင် တရုတ်နယ်စပ်မှ ရထားတစ်စီး ရောက်ရှိလာချိန်တွင် မြို့၏ကြီးမားသော မီးရထားဘူ တာရုံသစ်တွင် ပျားပန်းခတ်မျှ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

ယင်းဘူတာရုံသည် လွန်ခဲ့သည့်နှစ်က ဖွင့်လှစ်ခဲ့ပြီးမြို့သို့ ဆက်သွယ်ထားသော ဘတ်စ်ကားလိုင်းမ ရှိသော်လည်း အဖြူရောင်မီနီဗန်ကားများ ပြေးဆွဲလျက်ရှိကာ ယင်းမီနီဗန်ကား ယာဉ်လိုင်းများ ရပ်နား ထားသောနေရာတွင် တရုတ်ဘာသာဖြင့် ဖော်ပြထားခြင်းက ပစ်မှတ်စျေးကွက်ကို ပိုမိုရှင်းလင်းစေသည်။

ချုံချင်းမြို့မှ ခရီးသွားအဖွဲ့ဖြင့် ရောက်ရှိလာသော ကျန်းယင်းသည် ၎င်းအနေဖြင့် လွန်ပရာဘန်သို့ယခင် ကတည်းက လာရောက်လည်ပတ်လိုကြောင်း ပြောကြားခဲ့သည်။

“လာအိုက တိုးတက်လာတဲ့ နိုင်ငံဖြစ်ပြီး အနာဂတ်မှာလည်း ပိုပြီးတိုးတက်လာနိုင်ပါတယ်။အထူးသဖြင့်တော့ ရှီကျင်းပင်ရဲ့ ပတ်လမ်းရပ်ဝန်း စီမံကိန်းက လာအိုရဲ့စီးပွားရေးကို အထောက်အကူပြုနေပါတယ်”ဟု အသက် ၇၀ အရွယ်ကျန်းယင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ကို လာအိုနိုင်ငံ ဗီယက်ကျင်းနှင့်ဆက်သွယ်ထားသည့် မြန်နှုန်းမြင့် မီးရထားလိုင်းအတွက် တရုတ်နိုင်ငံက ဒေါ်လာခြောက်ဘီလျံ ထောက်ပံ့ပေးခဲ့သည်။

၎င်းတို့၏ ခေါင်းဆောင်များက ယင်းရထားလိုင်းသည် လာအိုအတွက် အကျိုးရှိလိမ့်မည်ဟု ကတိပြု ထားသော်လည်း ဒေသခံများကမူ မီးရထားလမ်းကြောင့် ဝင်ငွေအနည်းငယ် ပိုမိုရရှိလာသည်ဟု ဆိုသည်။

လမ်းများတွင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ကပ်လှူချိန်တွင် တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့်ဥ ရောပဘာသာစကား ပြောသည့်ခရီးသွားများကို မြင်တွေ့ရသည်။

တရုတ်ခရီးသွားရှီကျီက ယင်းနေရာသို့ စောစီးစွာရောက်ရှိခဲ့သည့် အကြောင်းကို ပြန်လည်ပြောပြခဲ့သည်။

“ကျွန်မအိပ်ရာ နိုးနိုးချင်းလမ်းပေါ်မှာ ဘယ်သူမှမရှိပါဘူး။ ရုတ်တရက် လူအများကြီး ရောက်ချလာပြီး လူပင်လယ်ကြီး ဖြစ်လာပါတယ်”ဟု ၎င်းက ဆိုသည်။         Ref:AFP