ဂါဇာဓားစာခံများသည် အသက်ရှင်နိုင်ရန် ရုန်းကန်နေရကြောင်း ဟားမာ့စ်ပြောကြား

ဂါဇာဓားစာခံများသည် အသက်ရှင်နိုင်ရန် ရုန်းကန်နေရကြောင်း ဟားမာ့စ်ပြောကြား
ဖေဖော်ဝါရီ ၁၇ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များကို တွေ့မြင်ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၇ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များကို တွေ့မြင်ရစဉ်(Photo: AFP)
Published 17 February 2024

စစ်မက်ဖြစ်ပွားနေသော ပါလက်စတိုင်းနယ်မြေသည် အစ္စရေးတို့၏ မရပ်မနားဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပိုမိုဆိုးရွားနေချိန်တွင် ဂါဇာရှိဓားစာခံများသည် အသက်ရှင်နိုင်ရန် ရုန်းကန်နေကြရသည်ဟု ဟားမာ့စ်တို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“ဒဏ်ရာရနေပြီး နာမကျန်းဖြစ်နေတဲ့ ရန်သူအကျဉ်းသားတွေဟာ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်ကျော်နေရပြီး အသက်ရှင်သန်ဖို့ ရုန်းကန်နေရပါတယ်”ဟု Ezzedinela-Qassam တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအဘူ အိုဘိုင်ဒါက ပြောကြားခဲ့သည်။

“ဒါက မထူးဆန်းတော့ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့လူတွေက အရာအားလုံးကို ကြုံတွေ့နေရလို့ပါ။ အငတ်ဘေး၊ဆာလောင်မှုနဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ မရှိတဲ့အခြေအနေတွေကို ကြုံတွေ့နေရတဲ့အ တွက် ရန်သူအကျဉ်းသားတွေကလည်းထပ်တူ ကြုံတွေ့ခံစားနေရပါတယ်”ဟု၎င်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် အမေရိကန်၊ကာတာနှင့် အီဂျစ်တို့မှ ဖျန်ဖြေရေးအဖွဲ့များသည် တိုက်ပွဲများကို ရန်တန့်ရန်နှင့် အစ္စရေးတို့ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသားများကို ကျန်ရှိနေသည့်ဟားမာ့စ်တို့ဖမ်းဆီးထားသော အကျဉ်းသားများနှင့် အပြန်အလှန်လဲလှယ်ရေးတို့အတွက် ကြားဝင်စေ့စပ်ပေးရန် ကိုင်ရိုတွင် စုဝေးရောက်ရှိနေခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က သဘောတူညီချက်တစ်ရပ်ရရှိနိုင်ခြေရှိသည်ဟု ၎င်းအနေဖြင့် ယုံကြည်ထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားခဲ့သော်လည်း အောင်မြင်မှုတစ်စုံတစ်ရာ နှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိပေ။

ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုသည် အခြေအနေအတွက် တာဝန်ရှိသူဖြစ်သည်ဟု အဘူအိုဘိုင်ဒါက ပြောကြားခဲ့သည်။

“အချိန်ကမြန်မြန်ဆန်ဆန် ကုန်ဆုံးနေပါတယ်”ဟု ၎င်းကဆိုသည်။

အစ္စရေးကို ဟားမာ့စ်တို့၏ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသသို့ ဓားစာခံ ၂၅၀ ခန့် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ထဲမှ ပျမ်းမျှ ၁၃၀ ခန့်ကိုဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

၎င်းတို့ထဲမှ အယောက် ၃၀ ခန့်သေဆုံးသွားသည်ဟု ယူဆထားပြီး ဒီဇင်ဘာ ၁ ရက်တွင် ကုန်ဆုံးခဲ့သော သီတင်းတစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဓားစာခံ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာလတွင် အစ္စရေးစစ်သားများက ဓားစာခံသုံးဦးကို မှားယွင်းစွာပစ်သတ်မိပြီး စစ်ဆင်ရေးများအတွင်း အချို့ဓားစာခံများကို ကယ်တင်နိုင်ခဲ့သည်။

ဂါဇာတွင် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဓားစာခံအများအပြားသည် အမျိုးမျိုးသော နာမကျန်းမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အားဆေးဝါးများကို ထောက်ပံ့ပေးရန် ကြိုးပမ်းခဲ့သည်။

အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူ ၁,၁၆၀ ဝန်းကျင်သေဆုံးခဲ့သည်။

အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အမျိုးသမီးများနှင့်ကလေးများအပါအဝင် လူ ၂၈,၇၇၅ ဦး ထက်မနည်းသေဆုံးခဲ့သည်။      

Ref: AFP

 

Most Read

Most Recent