ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား ချမှတ်ထားသည့် ပြစ်ဒဏ်သုံးခုအတွက် ၎င်း၏ရှေ့နေအဖွဲ့က အယူခံတင်သွင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား ချမှတ်ထားသည့် ပြစ်ဒဏ်သုံးခုအတွက် ၎င်း၏ရှေ့နေအဖွဲ့က အယူခံတင်သွင်း
ဖေဖော်ဝါရီ ၁၀ ရက်က ကရာချိမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး အပြင်ဘက်တွင် ဆန္ဒပြနေသည့် ဝန်ကြီးချုပ်ဟောင်းအီမရန်ခန်းအား ထောက်ခံသူများကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၀ ရက်က ကရာချိမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး အပြင်ဘက်တွင် ဆန္ဒပြနေသည့် ဝန်ကြီးချုပ်ဟောင်းအီမရန်ခန်းအား ထောက်ခံသူများကို တွေ့ရစဉ်(Photo: AFP)
Published 17 February 2024

ထောင်ဒဏ်ကျခံနေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ဥပဒေအကျိုးဆောင်အဖွဲ့သည် မကြာသေးမီက အငြင်းပွားဖွယ် အမှုအခင်းသုံးခုနှင့် ပတ်သက်၍ ၎င်းကိုချမှတ်ခဲ့သည့် ပြစ်ဒဏ်နှင့်ထောင် ဒဏ်များအတွက် ဖေဖော်ဝါရီ ၁၆ ရက်က အယူခံဝင်ခဲ့ကြာင်း ၎င်း၏ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

ရာဝါပင်ဒီမြို့ရှိ အကျဉ်းထောင်တစ်ခု၌ ကြားနာစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလအစောပိုင်းတို့တွင် အကျင့်ပျက်ခြစားမှု၊ အစိုးရလျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုနှင့် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥ့ပဒေ ချိုးဖောက်မှု စွဲချက်များအတွက် သီးခြားစီချမှတ်ခဲ့သည့် စီရင်ချက်သုံးခုအတွက် စုစုပေါင်းထောင်ဒဏ် ၃၁ နှစ်ကျခံစေရန် ခန်းကို အမိန့်ချခဲ့သည်။

ယင်းအမှု သုံးမှုစလုံးအတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် အယူခံဝင်ခဲ့ကြောင်း ခန်း၏ရှေ့နေဖြစ်သူ လာတစ်ဖ်ခိုဆာက ဆိုသည်။

ခန်းကို တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်မှုများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် နိုင်ငံရေးအကြောင်းရင်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခန်းကိုထောက်ခံသူများက ပြောဆိုထားသည်။

ခန်းအနေဖြင့် ဥပဒေကြောင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ၎င်း၏ပါတီဖြစ်သည့် Pakistan Tehreek-e-Insaf(PTI) ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများသည်ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။

သို့သော် မည်သည့်ပါတီကမှ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ရန် လုံလောက်သည့်အနိုင်ရလဒ်ကို ရယူနိုင်ခြင်းမရှိသည့်တိုင် ခန်း၏ပြိုင်ဘက်များက ညွန့်ပေါင်းအစိုးရဖွဲ့မည်ဟု ကြေညာထားသည်။

ခန်း၏ပါတီမှ ကိုယ်စားလှယ်လောင်းများသည် အမျိုးသားလွှတ်တော်၌ အမတ်နေရာ ၂၆၅ နေရာအနက် ၉၃ နေရာတွင် အနိုင်ရခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်မဲရလဒ်များကို ကြေညာခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခဲ့ပြီး အပြစ်သားဟောင်းလည်းဖြစ်သည့် နဝပ်ဇ်ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ(PML-N)က အမတ်နေရာ ၇၅ နေရာရရှိထားပြီး ဒုတိယအများဆုံးဖြစ်ကာ အမတ်  နေရာအများစုမရရှိခဲ့သော်လည်း ၎င်းပါတီသည် လွှတ်တော်တွင် တစ်ပါတီတည်းမှအမတ်နေရာအများဆုံး ရထားသည့် ပါတီဖြစ်သည်။

ဘီလာဝါ ဘူတို-ဇာဒါရီ ဦးဆောင်သည့်  ပါကစ္စတန်ပြည်သူ့ပါတီ(PPP)သည် အမတ်နေရာ ၅၄ နေရာ ရရှိထားပြီး တတိယအများဆုံးဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ခန်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ သည့် ၎င်းပါတီနှစ်ပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီထားသည်။

အကျင့်ပျက်ခြစားမှု၊ အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားစေမှု ပြစ်ဒဏ်များအတွက် အစ္စလမ္မာဘတ် အထက်တရားရုံးတွင် အယူခံဝင်ခဲ့ပြီးခန်းနှင့် ၎င်းင်း၏ဇနီးဖြစ်သူ ဘူရှရာဘီဘီတို့အား ထိမ်းမြားလက်ထပ်ခြင်း ဆိုင်ရာဥပဒေ ချိုးဖောက်မှုအတွက် ပြစ်ဒဏ်ချမှတ်ထားခြင်းကိုမူ အခြားတရားရုံးတစ်ရုံးတွင် အယူခံတင်သွင်းထားသည်ဟု ခန်း၏ရှေ့နေဖြစ်သူ ခိုဆာက ပြောကြားသည်။

ထိုအတောအတွင်း ခန်း၏ PTI ပါတီနှင့် အခြားနိုင်ငံရေးပါတီများက ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေခြင်းကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘက်မြို့တွင် စုဝေးဆန္ဒပြခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများပြုလုပ်ရန် ခန်း၏ပါတီက နှိုးဆော်ထားသော်လည်း မြို့တော်အစ္စလမ္မာ ဘတ်တွင် လူထုစုဝေးပွဲများမလုပ်ရန် ရဲတပ်ဖွဲ့က သတိပေးထားသည်။        

Ref: AP

Most Read

Most Recent