ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြည်တော်ပြန်လာပြီးနောက် ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းင်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြည်တော်ပြန်လာပြီးနောက် ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းင်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo: AFP)
Published 17 February 2024

ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်က ပြောကြားခဲ့သည်။

ပြည်တော်ပြန်လာခဲ့ပြီး ခြောက်လအကြာတွင် သက်ဆင်သည် အကျဉ်းထောင်မှ ပြန်လွတ်မြောက်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံရသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

၇၄ နှစ်အရွယ် ဘီလျံနာသက်ဆင်သည် ထိုင်းသို့ပြန်ရောက်ရောက်ချင်းမှာပင် အဂတိ လိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။

ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့သည်။

သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် လွတ်မြောက်လာမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ထာဝီဆင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၇၄ နှစ်အရွယ် သက်ဆင်သည် စောစီးစွာ ပြန်လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးထဲတွင် ပါဝင်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး တာဝီဆော့ဆုန်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“သူဟာ ကျန်းမာရေးအရ အတိမ်းအစောင်းမခံတဲ့ ဒါမှမဟုတ် အသက် ၇၀ ကျော် အရွယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ ခြောက်လကြာပြီးနောက် သူဟာ ပြစ်ဒဏ်ကနေ အလိုအလျောက် လွတ်မြောက်လာမှာဖြစ်တယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် ပြန်လွတ်လာဖွယ်ရှိသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သော်လည်း ဝန်ကြီးချုပ်ထာဝီဆင်ကမူ အသေးစိတ်ကိုမသိရှိကြောင်း ပြောကြားခဲ့သည်။

သက်ဆင် ထိုင်းသို့ပြည်တော်ပြန်လာချိန်သည် ၎င်း၏ဖြူထိုင်းပါတီက စစ်တပ်လိုလားသောပါတီများနှင့် အငြင်းပွားဖွယ် သဘောတူညီမှုရယူကာ အာဏာပြန်ရလာသည့် အချိန်နှင့်တိုက်ဆိုင်နေသည်။ ၎င်း၏ပြစ် ဒဏ်ကာလကို လျှော့ပေါ့ပေးရန်လည်း လျှို့ဝှက်သဘောတူညီမှု ယူခဲ့သည်ဟူသော ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

သက်ဆင်အနေဖြင့် ပြစ်ဒဏ်မှမည်သို့မည်ပုံ လွတ်မြောက်လာမည်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၎င်းသည် ခြေချင်းဝတ်တွင် အီလက်ထရွန်းနစ်ကိရိယာ ဝတ်ဆင်စေ၍ စောင့်ကြည့်ခံရခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခံရခြင်းတို့နှင့်ကြုံရဖွယ်ရှိသည်။

၎င်း၏သမီးဖြစ်သူ လက်ရှိဖြူထိုင်းပါတီခေါင်းဆောင် ပယ်ထုံတန် ရှင်နာဝပ်က ၎င်း၏ဖခင် လွတ်မြောက်လာမည့်သတင်းကို ကြိုဆိုခဲ့ပြီး သူ၏ဖခင်အနေဖြင့် လက်ကျန်အချိန်များကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမည့် အချိန်ရောက်ပြီဟုဆိုသည်။ သက်ဆင်သည် ထိုင်းနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် သြဇာအ ကြီးဆုံးနှင့် အငြင်းပွားဖွယ်အဖြစ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။               

Ref: AFP

Most Read

Most Recent