ရုရှားထိန်းချုပ်မှုအောက်ကို ကျရောက်တော့မည့် အန္တရာယ်ရှိနေသောမြို့သို့ ယူကရိန်းက စစ်ကူများပို့

ရုရှားထိန်းချုပ်မှုအောက်ကို ကျရောက်တော့မည့် အန္တရာယ်ရှိနေသောမြို့သို့ ယူကရိန်းက စစ်ကူများပို့
အက်ဒီဗကာနှင့်မဝေးလှသော နေရာတွင် ယူကရိန်းစစ်သားများ ဘရက်ဒလေတိုက်ခိုက်ရေး ယာဉ်ဖြင့် တိုက်ပွဲဝင်ရန် ပြင်ဆင်နေပုံကို ဖေဖော်ဝါရီ ၁၁ ရက်ကတွေ့ရစဉ် (Photo-AFP)
အက်ဒီဗကာနှင့်မဝေးလှသော နေရာတွင် ယူကရိန်းစစ်သားများ ဘရက်ဒလေတိုက်ခိုက်ရေး ယာဉ်ဖြင့် တိုက်ပွဲဝင်ရန် ပြင်ဆင်နေပုံကို ဖေဖော်ဝါရီ ၁၁ ရက်ကတွေ့ရစဉ် (Photo-AFP)
Published 16 February 2024
Ref:AFP

မျက်နှာစာသုံးဘက်မှ ရုရှားတပ်ဖွဲ့များ၏ ၀ိုင်းထားခြင်းခံရပြီး ပြဿနာပေါင်းစုံ တက်နေသော အရှေ့ပိုင်းအက်ဒီဗကာမြို့သို့ ယူကရိန်းက စစ်ကူများ အလျင်အမြန် ပို့ဆောင်လိုက်ပြီး ထိုမြို့၏အခြေအနေသည် အလွန်ပင် အတိမ်းအစောင်းမခံနိုင်သော အနေအထားဖြစ်နေသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားသည်။

ယူကရိန်းဒုံးကျည်တစ်စင်းက ရုရှားနယ်စပ်မြို့ ဘယ်ဂိုရော့ကို ထိမှန်ခဲ့သဖြင့် အနည်းဆုံး လူခုနစ်ဦးသေဆုံးသွားခဲ့သောကြောင့် ယူကရိန်းက စစ်ကူပို့သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှား၏လေကြောင်းထိုးစစ်ကြောင့်လည်းကောင်း၊ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်းကောင်း လူလေးဦး သေဆုံးသွားခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ပွဲသည် ဒုတိယမြောက်နှစ် ပြီးဆုံးတော့မည့်အနေအထားတွင် နှစ်ဖက်စလုံးက ဝေဟင်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ဒိုးနက်အရှေ့ပိုင်းဒေသရှိ အက်ဒီဗကာအနီးဝန်းကျင်၌ ယူကရိန်း၏စစ်စခန်းနေရာများသည် တဲတဲသာကျန်တော့သည့် အနေအထားဖြစ်လာသည်။

“အက်ဒီဗကာဒေသမှာ ယူကရိန်းစစ်သားတွေကို အရေးတကြီး ပြန်လည်အာဖြည့်တာ လုပ်ခဲ့တယ်လို့ တတိယမြောက် သီးခြားတိုက်ခိုက်ရေးတပ်ရင်းက အတည်ပြုပါတယ်” ဟု ယင်းတပ်ရင်းက တယ်လီဂရမ်တွင် ထုတ်ပြန်ခဲ့သည်။

အခြေအနေသည် အလွန်ပင် အတိမ်းအစောင်းမခံနိုင်သောအနေအထားဖြစ်နေပြီဖြစ်ကာ ခြိမ်းခြောက်မှုနှင့်မတည်ငြိမ်မှုတို့ ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ ရုရှားသည် ယင်းမြို့သို့ တပ်ဖွဲ့သစ်များနှင့် စက်လက်နက်များ ပေးပို့နေသည်ဟု ဆိုသည်။

“အက်ဒီဗကာဟာ ရုရှားထိန်းချုပ်မှုအောက်ကို ကျရောက်တော့မယ့် အန္တရာယ်ရှိနေပါတယ်” ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ယူကရိန်းသတင်းများကို ကိုးကားပြီး ၀ါရှင်တန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းဒေသရှိ တပ်သားများထံ အတတ်နိုင်ဆုံး အထောက်အကူ အများအပြားပေးပို့နေသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်တွေကို အတတ်နိုင်ဆုံးကယ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ စစ်သည်တွေမှာ လုံလောက်တဲ့ စီမံခန့်ခွှဲမှုစွမ်းရည်နဲ့ နည်းပညာဆိုင်ရာ စွမ်းရည်တွေရှိလာအောင် ကျွန်တော်တို့ တတ်နိုင်တာအားလုံးကို ဆောင်ရွက်နေပါတယ်” ဟု ဇယ်လန်းစကီးက ၎င်း၏ညနေခင်းမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်တွင် ဆင်နွှဲခဲ့သည့် အထိအခိုက်များပြားသော တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းမှတစ်ဆင့် တစ်မြို့လုံးနီးပါးကို ၀ိုင်းထားနိုင်ခဲ့သော ရုရှားတပ်များသည် လွန်ခဲ့သောရက်ပိုင်းတွင် တိုးတက်မှုရရှိခဲ့သည်။

ထောက်ပံ့ပစ္စည်းများပို့ဆောင်ပေးခြင်းနှင့် မြို့ထဲတွင် ကျန်ရှိနေသော အရပ်သားရာဂဏန်းကို ရွှေ့ပြောင်းပေးခြင်းတို့သည် ရှုပ်ထွေးနေသည်ဟု ယူကရိန်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် မြို့၏ဆင်ခြေဖုံးများကို ရောက်ရှိသွားပြီဟု ဇန်နဝါရီလကုန်ပိုင်းတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ ၎င်းတို့သည် အရေးပါသည့် ဝင်လမ်းကိုလည်း ဖြတ်တောက်ပစ်လိုက်ပြီဟု ယူကရိန်းနှင့် ရုရှားဘလော့ဂါတို့က ပြောကြားခဲ့ကြသည်။

စစ်မှုလုပ်ငန်းအချက်အချာနေရာဖြစ်သော အက်ဒီဗကာမြို့က တိုက်ပွဲသည် နှစ်နှစ်ပြည့်ခါနီး ယူကရိန်းစစ်ပွဲတွင် ထိခိုက်သေဆုံးမှုအများဆုံးတိုက်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။                                          

Most Read

Most Recent