ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခေါ်စာ တင်ပြခြင်းအပါအဝင် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆောင်ရွက်နေ

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခေါ်စာ တင်ပြခြင်းအပါအဝင် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆောင်ရွက်နေ
Published 16 February 2024

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခေါ်စာတင်ပြခြင်းအပါအဝင် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

“Demand၊ OWIC၊ စာချုပ် စသည့်စေလွှတ်ရေလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်” ဟု အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က ထုတ်ပြန်ထားသည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနကလည်း ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်နိုင်ရေး အလုပ်ခေါ်စာတင်ပြခြင်းအပါအဝင် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးတင်ပြအပ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

အလားတူ ပြည်ပထွက်ခွာခွင့်များကို ညွန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်ထွက်ခွင့်ပြုနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျဝင်ထွက်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပထွက်ခွာခွင့်များနှင့် ပတ်သက်ပြီး မည်သည့်ညွန်ကြားချက်မျှ သီးခြားထုတ်ပြန် ဆောင်ရွက်ထားခြင်းမရှိကြောင်း အသိပေးကြေညာအပ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ကြောင်း အမိန့်ကြေညာစာအား ထုတ်ပြန်ပြီးနောက်တွင် မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့် များကို တားဆီပိတ်ပင်နေသည်ဆိုသည့် ကောလာဟလသတင်း သတင်းအမှားများ ထွက်ပေါ်လာနေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစက အမိန့်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent