ဘန်ကောက်မြို့တော်တွင် လေထုညစ်ညမ်းမှုများကြောင့် ဝန်ထမ်းများကို Work From Home ပြုလုပ်ရန် အာဏာပိုင်များ တိုက်တွန်း

ဘန်ကောက်မြို့တော်တွင် လေထုညစ်ညမ်းမှုများကြောင့် ဝန်ထမ်းများကို Work From Home ပြုလုပ်ရန် အာဏာပိုင်များ တိုက်တွန်း
ဖေဖော်ဝါရီ ၁၅ ရက်က လေထုညစ်ညမ်းမှုများမြင့်တက်နေသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ကျောက်ဖယားမြစ်အတွင်း သင်္ဘောများကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၅ ရက်က လေထုညစ်ညမ်းမှုများမြင့်တက်နေသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ကျောက်ဖယားမြစ်အတွင်း သင်္ဘောများကို တွေ့ရစဉ် (Photo:AFP)
Published 15 February 2024

ဘန်ကောက်မြို့တော်တွင် ဖေဖော်ဝါရီ ၁၅ ရက်က အဆိပ်သင့် လေထုညစ်ညမ်းမှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန် ဝန်ထမ်းများအနေဖြင့် နေအိမ်မှ အလုပ်လုပ်သည့် work from home စနစ်ဖြင့် အလုပ်လုပ်ကြရန် အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်အထိ ဆက်လက် တည်ရှိနေမည့် လေထုညစ်ညမ်းမှုကို ရှောင်ရှားနိုင်ရန် လူဦးရေ ၁၁ သန်းခန့်ရှိသည့် ဘန်ကောက်မြို့တော်အတွင်း ဝန်ထမ်းများကို အကူအညီပေးရန် အလုပ်ရှင်များအနေဖြင့် ပူး ပေါင်းဆောင်ရွက်ပေးရန် မြို့အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

လေထုအရည်အသွေး လေ့လာစောင့်ကြည့်သည့် IQAir ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက ဘန်ကောက်မြို့တော်ကို ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံး မြို့များစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

သွေးကြောများထဲအထိ ဝင်ရောက်နိုင်သည့် PM2.5 အမှုံအမွှားများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်စဉ်သတ်မှတ်ချက်ဖြစ်သည့် အဆင့်ထက် ၁၅ ဆကျော် ပိုမိုများပြားနေသည်ဟု IQAir ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဘန်ကောက်အုပ်ချုပ်ရေးမှူး ချာ့ဒ်ချတ် စစ်တီပန့်ကမူ မြို့တော်အတွင်းရှိ ဝန်ထမ်းများ အားလုံးသည် ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော် ၀ါရီ ၁၆ ရက်အထိ work from home ပြုလုပ်လိမ့်မည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။

“အစိုးရပိုင်ရော ပုဂ္ဂလိကပိုင်ပါ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း ၁၅၁ ပတ်သက်ပြီး ဘန်ကောက် မြို့ပြ အုပ်ချုပ်ရေးအဖွဲ့ (BMA) ကွန်ရက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တောင်းဆိုထားပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး လူပေါင်း ၆၀၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု  ဆိုသည်။

ဘန်ကောက်မြို့တော်၏ ရပ်ကွက် ၅၀ အနက် ၂၀ ထက်မနည်းတွင် PM2.5 အမှုံအမွှားများသည် ကျန်းမာရေးထိခိုက်စေသည့် အဆင့်သို့ ရောက်ရှိနိုင်ပြီး မိုးလေဝသအခြေအနေ တည်ငြိမ်နေသဖြင့် ထိုလေထုညစ်ညမ်းမှု ပြဿနာသည် ဆက်လက်တည်ရှိနေနိုင်ကြောင်း ချာ့ဒ်ချတ်က ပြောသည်။

လယ်သမားများသည် စိုက်ခင်းများကို မီးရှို့မှု၊ စက်ရုံများ၏ မီးခိုးများထုတ်လွှတ်မှုနှင့် မော်တော်ယာဉ်များ၏ အခိုးအငွေ့များ ထုတ်လွှတ်မှုများကြောင့် ဘန်ကောက်မြို့တော်တွင် လေထုအရည်အသွေးသည် ယခုနှစ်အစောပိုင်းလများတွင် ပုံမှန်အတိုင်းကျဆင်းခဲ့သည်။

ဘန်ကောက်နှင့် မြောက်ပိုင်း ချင်းမိုင်မြို့များသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့လေထု ညစ်ညမ်းမှုအများဆုံး မြို့များထဲတွင် ရက်အတန်ကြာ ပါဝင်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံတွင် လူပေါင်း ၂ သန်းခန့်သည် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေပြီး လေထုညစ်ညမ်းမှုသည် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ရုံး ထိုင်ခဲ့သည့် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်း၏ အစိုးရအဖွဲ့ကမူ လေထုညစ်ညမ်းမှုကို အမျိုးသားရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့ပြီး ပြီးခဲ့သည့်လက သန့်စင်သည့် လေထုအက်ဥပဒေ မူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့သည်။

သို့သော် လေထုညစ်ညမ်းမှုပြဿနာသည် ဆက်လက်တည်ရှိနေခဲ့ပြီး ပြီးခဲ့သည့်လ က ချင်းမိုင်မြို့ရှိ တရားရုံးတစ်ရုံးက လေထုညစ်ညမ်းမှုကို ရက်ပေါင်း ၉၀ အတွင်း ဖြေရှင်းပေးရန် အရေးပေါ် အစီအစဉ်တစ်ခု လုပ်ဆောင်ရန် အစိုးရကို အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားအထင်ကရ နေရာဖြစ်သည့် ချင်းမိုင်မြို့တွင် ပြီးခဲ့သည့်နှစ် မတ်လအတွင်း လေထုအရည်အသွေး ညွှန်းကိန်းသည် ကျန်းမာရေးထိခိုက်စေသော အဆင့်ဖြစ်သည့် ၁၈၇ အထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။                                     Ref:AFP

Most Read

Most Recent