သင်္ဘောမှပစ်လွှတ်သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ဟု အီရန်ပြောကြား

သင်္ဘောမှပစ်လွှတ်သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ဟု အီရန်ပြောကြား
Published 13 February 2024

ပထမဆုံးအကြိမ်အဖြစ် စစ်သင်္ဘောဆီမှ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရေတပ်စစ်ရေးလေ့ကျင့်မှုများတွင် ရှာဟစ်မာဒါဗီ စစ်သင်္ဘောဆီမှ ကီလိုမီတာ ၁,၇၀၀ အကွာရှိ ပစ်မှတ်များကို ပစ်ခတ်ချေမှုန်းနိုင်သည့် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုပါဝင်ခဲ့ကြောင်း သိရသည်။

"အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဟာ အိုမန်ပင်လယ်ကွေ့မှာ ပဲ့ထိန်းဒုံးကျည်တွေကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့တယ်"ဟု နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။

"စစ်သင်္ဘောတစ်စင်းကနေ တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်"ဟု IRGC အကြီးအကဲ ဟူစိန်ဆာလာမီက ဆိုသည်။ 

သီးခြားအနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်သည် အစ္စရေး၏ တဲအဗစ်မြို့တောင်ပိုင်းရှိ ပါမာချင်လေတပ်စခန်းကို မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့်တိုက်ခိုက်သည့် သဏ္ဌာန်တူလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟုလည်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြသည်။

ပါမာချင်လေတပ်စခန်းသည် အစ္စရေး၏ F-35 ဂျက်တိုက်လေယာဉ်များအတွက် အဓိက အခြေစိုက်စခန်းဖြစ်သည်ဟုလည်း အီရန်ရုပ်သံက ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းဒေသတွင်း၌ တင်းမာမှုများ တစ်ဟုန်ထိုးမြင့်တက်နေစဉ် အီရန်က ယင်းစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

Ref: AFP

Most Read

Most Recent