ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ရန် ကြန့်ကြာနေခြင်းကို ပါကစ္စတန် ယာယီဝန်ကြီးချုပ် ကာကွယ်ပြောဆို

ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ရန် ကြန့်ကြာနေခြင်းကို ပါကစ္စတန် ယာယီဝန်ကြီးချုပ် ကာကွယ်ပြောဆို
ဖေဖော်ဝါရီ ၁၁ ရက်က ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီ ထောက်ခံသူများကို တွေ့ရစဉ်(Photo: AP)
ဖေဖော်ဝါရီ ၁၁ ရက်က ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီ ထောက်ခံသူများကို တွေ့ရစဉ်(Photo: AP)
Published 13 February 2024

ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲ၏ အပြီးသတ်မဲရလဒ်များကို ထုတ်ပြန်ကြေညာရန် ကြန့်ကြာနေမှုကြောင့် ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့်အပေါ် ပါကစ္စတန် ယာယီဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကာကွယ်ပြောဆိုခဲ့သည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့့် ရင်ဆိုင်နေရစဉ် အာဏာပိုင်များသည် ဆန္ဒမဲအရေအတွက် သန်း ၆၀ ကျော်ကို ရေတွက်ရန် ၃၆ နာရီသာ ကြာမြင့်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ပါကစ္စတန် အိမ်စောင့်အစိုးရ၏ ယာယီဝန်ကြီးချုပ် အန်ဝါရူလ်-ဟက်-ကာကာက ထောင်ဒဏ်ကျခံနေသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီအပါအဝင် နိုင်ငံရေးပါတီအားလုံးအတွက် သာတူညီမျှအခြေအနေ တစ်ရပ်ကို ဖန်တီးပေးခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

အီမရန်ခန်း အနိုင်ရခဲ့သည့် ၂၀၁၈ ခု နှစ် ရွေးကောက်ပွဲတွင် မဲရလဒ်များကို ၆၆ နာရီအကြာမှသာ ကြေညာခဲ့သည်ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲတွင် ခန်း၏ Pakistan Tehreek-e-Insaf(PTI)ပါတီသည် လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရခဲ့သော်လည်း ၎င်းပါတီသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရသည့်အတွက် ပါတီကိုယ်စားလှယ်လောင်းများသည် တစ်သီးပုဂ္ဂလအဖြစ်သာ ယှဉ်ပြိုင်ခဲ့ရ သည်။

နာမည်ကြီး ခရစ်ကတ်ကစားသမားဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ပြစ်ဒဏ်ကျခံနေရခြင်းကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။ ခန်းကမူ ၎င်းအား ပြစ်ဒဏ်ချမှတ်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ခန်း၏ပါတီမှ ကိုယ်စားလှယ်လောင်းများသည် အမျိုးသားလွှတ်တော်၌ အမတ်နေရာ ၂၆၅ နေရာအနက် ၉၃ နေရာတွင် အနိုင်ရခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်မဲရလဒ်များကို ကြေညာခဲ့သည်။ သို့သော် ၎င်းတို့၏ အနိုင်ရလဒ်သည် အစိုးရတစ်ရပ်ဖွဲ့နိုင်ရန် လုံလောက်မှုမရှိပေ။

ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခဲ့ပြီး အပြစ်သားဟောင်းလည်းဖြစ်သည့် နဝပ်ဇ်ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် ပါတီက အမတ်နေရာ ၇၅ နေရာရရှိထားပြီး ဒုတိယအများဆုံးဖြစ်ကာ အမတ်နေရာ အ များစုမရရှိခဲ့သော်လည်း ၎င်းပါတီသည် လွှတ်တော်တွင် တစ်ပါတီတည်းမှ အမတ်နေရာအများဆုံး ရထားသည့် ပါတီဖြစ်သည်။

ဘီလာဝါ ဘူတို-ဇာဒါရီ ဦးဆောင်သည့် ပါကစ္စတန် ပြည်သူ့ပါတီ(PPP)သည် အမတ်နေရာ ၅၄ နေရာ ရရှိထားပြီး တတိယအများဆုံးဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ခန်းကိုရာထူးမှ ဖြုတ်ချရန်ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သည့် ၎င်းပါတီနှစ်ပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆွေးနွေးလျက်ရှိသည်။

အခြားပါတီများ၏ ထောက်ခံမှုမပါဘဲ အစိုးရတစ်ရပ်ဖွဲ့စည်းရန်လုံလောက်သည့် ရလဒ်မျိုးမရရှိခဲ့ကြောင်းနှင့် ပါကစ္စတန်ကို ပြဿနာများထဲမှ ဆွဲထုတ်နိုင်အောင် အတူတကွ ကြိုးပမ်းရေးအတွက် ညွန့်ပေါင်းအစိုး ရတစ်ရပ် ဖွဲ့စည်းရန် ဖိတ်ခေါ်ကြောင်း ရှရစ်ဖ်က ပြောဆိုထားသည်။

ရှရစ်ဖ်သည် ထောင်ဒဏ်ပြစ်ဒဏ်များကို ရှောင်ရှားရန် ပြည်ပတွင် လေးနှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ယမန်နှစ်အောက်တိုဘာလတွင် ပါကစ္စတန်သို့ ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့သည်။ ၎င်းပြန်ရောက်လာပြီး သီတင်းပတ်အနည်းငယ်အတွင်း ၎င်း၏ပြစ်ဒဏ်များကို အာဏာပိုင်များက ပယ်ဖျက်ပေးခဲ့သည့်အတွက် ရှရစ်ဖ်သည် ပါကစ္စတန်၏ သြဇာကြီးစစ်တပ်အသိုင်းအဝိုင်းက လိုလားနှစ်သက်သည့် ကိုယ်စားလှယ်လောင်းအဖြစ် ရှုမြင်ခံခဲ့ရသည်။

ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဆိုသော စွပ်စွဲချက်များကို အာဏာပိုင်များက ပယ်ချထားသည်။    

Ref: AP

         

Most Read

Most Recent