ယူကရိန်းအတွက် ဒေါ်လာဘီလျံ ၆၀ ရှိသော အကူအညီ ဥပဒေကြမ်းကို ဆီးနိတ်တွင် လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲ အတည်ပြု

ယူကရိန်းအတွက် ဒေါ်လာဘီလျံ ၆၀ ရှိသော အကူအညီ ဥပဒေကြမ်းကို ဆီးနိတ်တွင် လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲ အတည်ပြု
သမ္မတဇယ်လန်းစကီးကို ဆီးနိတ်လူများစုခေါင်းဆောင် ချက်ရှူးမား(ယာ)၊ လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်(ဝဲ)တို့နှင့်အတူ  ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်လွှတ်တော်၌ တွေ့ရစဉ်(Photo: AFP)
သမ္မတဇယ်လန်းစကီးကို ဆီးနိတ်လူများစုခေါင်းဆောင် ချက်ရှူးမား(ယာ)၊ လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်(ဝဲ)တို့နှင့်အတူ  ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်လွှတ်တော်၌ တွေ့ရစဉ်(Photo: AFP)
Published 12 February 2024

လက်ယာစွန်း ရီပတ်ဘလီကင်တို့က အမေရိကန်၏ပြည်ပအကူအညီ ဥပဒေကြမ်းကို ဥပဒေတစ်ရပ်ဖြစ်လာစေရေးအတွက် ပိတ်ဆို့ကောင်း ပိတ်ဆို့ထားဖွယ်ရှိသော်လည်း ယူကရိန်းအတွက်  အမေရိကန် ဒေါ်လာဘီလျံ ၆ဝပါသော ပြည်ပအကူအညီ ဥပဒေကြမ်းသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် အရေးပါသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲ အတည်ပြုခြင်းခံခဲ့ရသည်။

အထက်လွှတ်တော်အမတ်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာအဆိုတစ်ရက်ကို ထောက်ခံမဲ ၆၇ မဲ၊ကန့်ကွက်မဲ ၃၂ မဲဖြင့် ထောက်ခံခဲ့ကြရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရေးအတွက် ထောက်ခံမဲ ၆၀ လိုအပ်သည်ဟူသော အတားအဆီးကိုကျော်လွန်ခဲ့သည်။ ထို့အပြင်ဖေဖော်ဝါရီ ၇ ရက်တွင် ယင်းဥပဒေကြမ်းကို ပိတ်ဆို့ခဲ့သော ရီပတ်ဘလီကင်အမတ်များထဲက အမတ် ၁၇ ဦးကထောက်ခံခဲ့သည်ဟု ဆိုသည်။

ယူကရိန်းထောက်ပံ့ငွေဘီလျံ ၆၀ နှင့် အခြားသောအမျိုးသားလုံခြုံရေးကိစ္စများကိုတင်းကျပ်သည့် နယ်စပ်လုံခြုံရေးအစီအမံသစ်များဖြင့် အပေးအယူလုပ်ထားသည့် နှစ်ပါတီဆီးနိတ်သဘောတူညီချက်ကို ရီ ပတ်ဘလီကင်များက ငြင်းပယ်ကြရန်ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရန့်က တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ဂါဇာနှင့်အနောက်ဘက်ကမ်းရှိ အရပ် သားပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၅ ဘီလျံရှိသောလူသားချင်း စာနာမှုအကူအညီလည်း ပါဝင်နေသည်။

သီတင်းပတ်ကုန် ပိတ်ရက်( တနင်္ဂနွေ)တွင် မဲခွဲခြင်းသည် ဆီးနိတ်အတွက် ထူးခြားနေသည်။ ထို့အပြင်မဲခွဲသည့်နေ့ဖြစ်စော ဖေ‌‌ဖော်ဝါ ရီ ၁၁ ရက်သည် အရေးအကြီးဆုံး NFL ချန်ပီယံရှစ်ပွဲနှင့်လည်း တိုက်ဆိုင်နေသည်။

“တနင်္ဂနွေနေ့ Super Bowl ပွဲကစားတဲ့နေ့မှာ ဆီးနိတ်က လွှတ်တော်အစည်းအဝေး နောက်ဆုံးကျင်းပတာကို ကျွန်တော်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဥပဒေကြမ်းကို အတည်ပြုလို့မပြီးမချင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ တစ်ပတ်လုံး ကျွန်တော်ပြောနေခဲ့တာပါ”ဟု ဆီးနိတ်လူများစု ခေါင်းဆောင် ချက်ရှူးမားက မဲမခွဲမီ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြောနေတဲ့အတိုင်းပါပဲ၊ ယူကရိန်းကို ဗလာဒီမာပူတင်ကျူးကျော်မှုဟာ အရှေ့ဥရောပဒေသတွေမှာဒုတိယကမ္ဘာ စစ်နောက်ပိုင်း ကျွန်တော်တို့ မမြင်ဖူးသေးတဲ့ စစ်ပွဲဇုန်လိုဟာမျိုးကို ကျွန်တော်တို့မြင်နေရပါတယ်”ဟု နယူးယောက်အထက်လွှတ်တော် အမတ်လည်းဖြစ်သော ချက်ရှူးမားက ပြောကြားသည်။

“ဒီခြိမ်းခြောက်မှုအတွက် မှန်ကန်တဲ့ တစ်ခုတည်းအဖြေကတော့ ကျွန်တော်တို့က ဒီဥပဒေကြမ်းကို တတ်နိုင်သလောက်မြန်မြန် အတည်ပြုပေးခြင်းဖြင့် ဆီးနိတ်ဟာဒီခြိမ်းခြောက်မှုကို မတွန့်မဆုတ်ရင်ဆိုင်ရမယ်ဆိုတာပဲဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

ပြည်ပအကူအညီပေးရေးကိစ္စများကို အမေရိကန်-မက္ကဆီကို နယ်စပ်လုံခြုံရေးကိစ္စများနှင့် ချိတ်ဆက်ထားပြီး လပေါင်းများစွာအကြိတ်အနယ်ဆွေးနွေးခဲ့သော စောစောပိုုင်းဥပဒေကြမ်းကို ရီပတ်ဘလီကင်တို့က ပိတ်ဆို့ ခဲ့ပြီးနောက် ယင်းဥပဒေကြမ်းသည် ပျက်ပြယ်မည့်အနေအထားဖြစ်ခဲ့ရသည်။

သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံမည်ဖြစ်ပြီး လူဝင်ကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ ဂျိုးဘိုင်ဒင်၏အားနည်းချက်များကို အသုံးချချင်နေသော သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ဖိအားပေးမှုကြောင့် ရီပတ်ဘလီကင်များသည် နိုဝင်ဘာရွေးကောက်ပွဲပြီးဆုံးချိန်အထိ နယ်စပ်ကိစ္စ ပြုပြင်ပြောင်းလဲရေး မှန်သမျှကိုဟန့်တားလိုသည်ဟု ဆုံးဖြတ်လိုက်ကြပုံပေါ်သည်။

သို့ရာတွင် ဒီမိုကရက်များက ယူကရိန်းအကူအညီနှင့် နယ်စပ်ပြဿနာတို့ကို သီးခြားစီခွဲထုတ်လုပ်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက် မဲခွဲပွဲတွင် ရီပတ်ဘလီကင်ဆီးနိတ်အမတ်များက အလျှော့ပေးလိုက်ခြင်းဖြစ်သည်။

Ref: AFP