ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် အနိုင်ရရှိရန် ယူကရိန်းစစ်တပ်၏ နည်းစနစ်များကို ပြောင်းလဲရမည်ဟု  ယူကရိန်းစစ်ဦးစီးချုပ်အသစ် ပြောကြား

ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် အနိုင်ရရှိရန် ယူကရိန်းစစ်တပ်၏ နည်းစနစ်များကို ပြောင်းလဲရမည်ဟု  ယူကရိန်းစစ်ဦးစီးချုပ်အသစ် ပြောကြား
၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်က ယူကရိန်း၏ အမည်ဖော်ပြမထားသည့်နေရာတစ်ခုတွင် ယူကရိန်းစစ်သားများနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်ကြီးဆိုစကီး (ယာ)ကို တွေ့ရစဉ်(Photo: AFP)
၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်က ယူကရိန်း၏ အမည်ဖော်ပြမထားသည့်နေရာတစ်ခုတွင် ယူကရိန်းစစ်သားများနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်ကြီးဆိုစကီး (ယာ)ကို တွေ့ရစဉ်(Photo: AFP)
Published 10 February 2024

ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် အနိုင်ရရှိရန် ယူကရိန်းစစ်တပ်၏ နည်းစနစ်များကို ပြောင်းလဲရန်လိုအပ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်အသစ် အိုလက်ဇန်းဒါး ဆိုစကီးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်နီးပါးက ရုရှား၏ ကျူးကျော်စစ်စတင်ခဲ့ချိန်ကတည်းက ယူက ရိန်းစစ်တပ်ခေါင်းဆောင်ပိုင်းတွင် အကြီးမားဆုံးရာထူးနေရာပြောင်းလဲမှုတစ်ခုအဖြစ် ယခုသီတင်းပတ်အတွင်းအသက် ၅၈ နှစ်အရွယ် ဆိုစကီးသည် စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလူဇနီ၏ နေရာကို အစားထိုးခန့်အပ်ခံခဲ့ရသည်။

“စစ်ဆင်ရေး နည်းစနစ်တွေကို အပြောင်းအလဲတွေနဲ့ စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံမှုတွေပြုလုပ်နေမှသာ ကျွန်တော်တို့ဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိစေမှာဖြစ်ပါတယ်”ဟု ဆိုစကီးက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

စစ်တပ်အနေနှင့် ရှင်းလင်းပြီး အသေးစိတ်ကျသည့် စီမံကိန်းရေးဆွဲရန်လိုအပ်ပြီး နိုင်ငံတကာမိတ်ဖက်များထံမှ ထောက်ပံ့ပေးခဲ့သည့် နောက်ဆုံးလက်နက်များအတွက် စစ်မြေပြင်၏ လိုအပ်ချက်များကိုထည့်သွင်း စဉ်းစားနေကြောင်း ၎င်းက ဆိုသည်။

ယူကရိန်း၏ မဟာမိတ်များ အထူးသဖြင့် အမေရိကန်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံတို့သည် ယူကရိန်းကို အကူအညီများ ဆက်လက်ပေးအပ်ရန် ရုန်းကန်နေရသည်။

ရုရှားသည် ၎င်း၏ စီးပွားရေးကို စစ်ပွဲပေါ်တွင် ခြေကုပ်ယူထားပြီး ထုတ်လုပ်ရေးများနှင့် တပ်သားသစ်စုဆောင်းမှုကို အရှိန်မြှင့်နေချိန်တွင် ယူကရိန်း၌ ရရှိနိုင်မည့် အရင်းအမြစ်များနှင့်ပတ်သက်ပြီး သေချာရေရာမှုမရှိသည့်အချိန်တွင် ဆိုစကီးသည် စစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။

စစ်မြေပြင်တွင် အောင်မြင်မှုများရရှိခဲ့သည့်တိုင် ဆိုစကီးသည် ဇာလူဇနီကဲ့သို့ နိုင်ငံ့ပြယုဂ်တစ်ခုမဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးမှုများကို အလေးမထားသူအဖြစ် လူသိများသူဖြစ်သည်။

“ကျွန်တော်တို့ စစ်မှုထမ်းတွေရဲ့ အသက်တွေနဲ့ ချမ်းသာသုခဟာ ယူကရိန်းစစ်တပ်ရဲ့ အဓိက ပိုင်ဆိုင်မှုဖြစ်ပါတယ်”ဟု ဆို စကီးက ၎င်း၏ စရိုက်ကို ဖော်ပြပုံပေါ်သည့် အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။

ရုရှားကမူ ယူကရိန်းစစ်တပ်၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲသည် စစ်မြေပြင်တွင် သက်ရောက်မှုကြီးကြီးမားမားမရှိနိုင်ကြောင်း ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

“အဲဒါဟာ အထူးစစ်ဆင်ရေးရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်မယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့ မထင်ပါဘူး”ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က  ပြောကြားခဲ့သည်။

ဆိုစကီးကို စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် ရုရှားနှင့် ယူကရိန်းတို့သည် တစ်ဖက်နှင့်တစ်ဖက် ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

ရုရှား၏ ရေနံချက်စက်ရုံနှစ်ခုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် ယူကရိန်းက ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ လွန်ခဲ့သည့်နှစ်လအတွင်း ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့စက်ရုံများကို တိုက်ခိုက်မှုများသည် ရုရှား၏ စစ်ပွဲအတွက် အသုံးပြုသည့် အခြေခံအဆောက်အအုံများကို မျှတသည့် တုံ့ပြန်တိုက်ခိုက်မှုဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။           Ref: AFP

Most Read

Most Recent