မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ဟု ကင်ဂျုံအွန် ပြောကြား

မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ဟု ကင်ဂျုံအွန် ပြောကြား
ဖေဖော်ဝါရီ ၈ ရက်က မြောက်ကိုရီးယားစစ်တပ်ထူထောင်သည့် ၇၆ နှစ်ပြည့်အထိမ်းအမှတ်တွင် ပြုံယမ်းမြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိလာသည့် ကင်ဂျုံအွန်(လယ်)နှင့် ၎င်း၏ သမီးဖြစ်သူ ကင်ဂျူအဲ(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၈ ရက်က မြောက်ကိုရီးယားစစ်တပ်ထူထောင်သည့် ၇၆ နှစ်ပြည့်အထိမ်းအမှတ်တွင် ပြုံယမ်းမြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိလာသည့် ကင်ဂျုံအွန်(လယ်)နှင့် ၎င်း၏ သမီးဖြစ်သူ ကင်ဂျူအဲ(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
Published 9 February 2024

မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်  KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ကာ ပြန်လည်ပေါင်းစည်းရေး အတွက်ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင် စီများကိုလည်းပိတ်ခဲ့ပြီး နိုင်ငံနယ်နိမိတ်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျှ ကျူးကျော်မည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

“ရန်သူဟာ ကျွန်တော်တို့ နိုင်ငံကို အင်အားသုံးပြီး ဆန့်ကျင်လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့နဲ့ ရှိသမျှ စူပါပါ၀ါတွေအသုံးပြုပြီး သူတို့ကို အဆုံးသတ်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”ဟု ကင်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးသည် အသနားခံတောင်းဆိုရသည့် သို့မဟုတ် ဆွေးနွေးမှုများဖြင့် ရရှိသည့်အရာမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယားသည် ၎င်းတို့စစ်တပ် ထူထောင်သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထိုမှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်သည် ပြီးခဲ့သည့်လကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ရည်ရွယ်ပြီး မြောက်ကိုရီးယားစစ်တပ်သည် ရန်စခံရမည်ဆိုပါက ရန်သူကို ချေမှုန်းပစ်မည်ဟု  ပြောကြားခဲ့သည့် ၎င်း၏ ယခင်မှတ်ချက်များအတိုင်း ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။

KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်သည် အနာဂတ်တွင် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ထင်ကြေးပေးထားသည့် ၎င်း၏ သမီးငယ်ကင်ဂျူအဲ၏ လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် ကင်နှင့်၎င်း၏ သမီးကို ယူနီဖောင်းဝတ်စစ်သားများက အားတက်သရော နှုတ်ဆက်နေပုံများ၊ စစ်တပ်၏ တပ်မှူးများနှင့်အတူ ဓာတ်ပုံအရိုက်ခံနေပုံများကိုလည်း ပြသခဲ့သည်။

မကြာသေးမီက တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်သည့် ဆုံးဖြတ်ချက်သည် မှန်ကန်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။

“တောင်ကိုရီးယား ရုပ်သေးတွေကို နံပါတ်တစ် ရန်လိုတဲ့နိုင်ငံအဖြစ်နဲ့ ထာဝရရန်သူအဖြစ် သတ်မှတ်မှုနဲ့ အရေးပေါ်အခြေအနေတစ်ခုမှာ သူတို့ရဲ့နယ်နိမိတ်ကို သိမ်းယူပြီး အဆုံးသတ်ပစ်ဖို့ဆုံးဖြတ်ချက်ဟာ ကျွန် တော်တို့နိုင်ငံရဲ့ ထာဝရလုံခြုံရေးအတွက်ဖြစ်ပါတယ်”ဟု ကင်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကမူ မြောက်ကိုရီးယားအစိုးရသည် ဧပြီလတွင်ပြုလုပ်မည့် တောင်ကိုရီးယားရွေးကောက်ပွဲ မတိုင်မီ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒရုန်းများဖြင့် ကျူးကျော်ပျံသန်းမှုများအပါ အဝင် ရန်လိုမှုများကို လုပ်ဆောင်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယားအနေဖြင့် စစ်ပွဲဆင်နွှဲပါက ကင်အစိုးရအဖွဲ့သည် အဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မည်ဟု ဇန်နဝါရီလက ပြောကြားခဲ့သည်။                      Ref: AFP

Most Read

Most Recent