ရုရှားသည် အမေရိကန်၏ ထုတ်ကုန်များကို ရရှိရန်ကြိုးပမ်းနေသည်ဟု အမေရိကန် ပြောကြား

ရုရှားသည် အမေရိကန်၏ ထုတ်ကုန်များကို ရရှိရန်ကြိုးပမ်းနေသည်ဟု အမေရိကန် ပြောကြား
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မော်စကိုမြို့လယ်ရှိ ရင်ပြင်နီတွင် မတ်တပ်ရပ်နေသည့် ရုရှားစစ်သားများကို တွေ့ရစဉ် (Ref:AFP)
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မော်စကိုမြို့လယ်ရှိ ရင်ပြင်နီတွင် မတ်တပ်ရပ်နေသည့် ရုရှားစစ်သားများကို တွေ့ရစဉ် (Ref:AFP)
Published 8 February 2024

ရုရှားသည် ယူကရိန်းတွင် ဆင်နွှဲနေသည့် ၎င်း၏ စစ်ပွဲကို အထောက်အကူရရှိစေရန်အတွက် အမေရိကန်၏ ထုတ်ကုန်များကို ရရှိရန် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့် တင်နေသည်ဟု အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ׅ“ရုရှားဟာ နားလည်ရခက်ခဲတဲ့ နည်းလမ်းပေါင်းစုံနဲ့ အမေရိကန်လုပ် စစ်ဘက်သုံး ပစ္စည်းတွေကို တရားမဝင် ရရှိပိုင်ဆိုင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေကို ချဲ့ထွင်လုပ်ဆောင်ခဲ့ပါတယ်”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနက အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။

ထိုအားထုတ်ကြိုးပမ်းမှုများထဲတွင် ဟန်ပြဖွင့်ထားသည့် ကုမ္ပဏီများနှင့် ကမ္ဘာလုံးဆိုင်ရာ  တစ်ဆင့်ခံ ကုန်စည်ကူးပြောင်းရေး နေရာများကို အသုံးပြုမှုများ ပါဝင်နေပြီး ၂၀၂၂ ခုနှစ်က အကဲဖြတ်ချင့်တွက်မှုနှင့် နှိုင်းယှဉ်ပါက ရုရှားသည် ပိုမိုအန္တရာယ်ကြီးမားလာကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အမေရိကန်သည် ရုရှား၏ စစ်ဘက်သုံးပစ္စည်းများ ဝယ်ယူမှု ကွန်ရက်ကို အနှောင့်အယှက်ဖြစ်စေရန် ပိတ်ဆို့မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရုရှားအပြင် မြောက်ကိုရီးယား၏ အန္တရာယ်ကိုလည်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ဒစ်ဂျစ်တယ် စီးပွားရေးကို အမြတ်ထုတ်သည့် ကွန်ရက်များနှင့် ချိတ်ဆက်မှုရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုကွန်ရက်များထဲတွင် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းများနှင့် အယောင်ဆောင် သတင်းအချက်အလက်နှင့် နည်းပညာဝန်ထမ်းများကို ပြည်ပနိုင်ငံများတွင် ဖြန့်ကြက်ချထားမှုတို့လည်း ပါဝင်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အကြမ်းဖက်မှု၊ မူးယယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ရုရှား၏ ရန်လိုမှု၊ အကျင့်ပျက်ခြစားမှု၊ တရားမဝင် ဘဏ္ဍာငွေရှာဖွေမှုများသည် မိမိတို့နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ လက်ထောက်ဝန်ကြီး ဘရိုင်ယန် နယ်လ်ဆင်က ပြောကြားခဲ့သည်။

အမေရိကန်၏ဘေးအန္တရာယ် အကဲဖြတ်ချင့်တွက်မှု အစီရင်ခံစာတွင် ငွေကြေးခဝါချခြင်း၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်များပြုလုပ်ရန် သို့မဟုတ် လက်နက်များဝယ်ယူရန်အတွက် ငွေကြေးများ ထောက်ပံ့ခြင်းတို့ကို လွှမ်းခြုံဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွက် အကဲဖြတ်ချင့်တွက်မှုတွင် ရုရှားနှင့် မြောက်ကိုရီးယားအပြင် ဟားမာ့စ်အဖွဲ့နှင့် ယင်းအဖွဲ့၏ နိုင်ငံတကာ ငွေကြေးစနစ်အပေါ် အမြတ်ထုတ်နေသည့် နည်းလမ်းများအကြောင်းကိုလည်း ဆွေးနွေးဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၆၀ ခန့်သေဆုံးခဲ့ပြီးနောက် အမေရိကန် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဟားမာ့စ်အဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းမည်ဟု ကြုံးဝါးကာ ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၂၇၇၀၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။                              Ref:AFP

Most Read

Most Recent