ဂါဇာတွင် စစ်ပွဲဆက်လက်ဆင်နွှဲနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ရည်ရွယ်ချက်သည် ပါလက်စတိုင်းများကို လူမျိုးတုံးသတ်ဖြတ်ရန်ဖြစ်ကြောင်း ဟားမာ့စ်ထိပ်သီးခေါင်းဆောင်တစ်ဦး ပြောကြား

ဂါဇာတွင် စစ်ပွဲဆက်လက်ဆင်နွှဲနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ရည်ရွယ်ချက်သည် ပါလက်စတိုင်းများကို လူမျိုးတုံးသတ်ဖြတ်ရန်ဖြစ်ကြောင်း ဟားမာ့စ်ထိပ်သီးခေါင်းဆောင်တစ်ဦး ပြောကြား
ဖေဖော်ဝါရီ ၅ ရက်က ဂျေရုဆလင်တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖန် စီဂျွန် (ယာ) နှင့် အစည်းအဝေးမပြုလုပ်မီ ထိုင်ခုံနေရာယူနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၅ ရက်က ဂျေရုဆလင်တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖန် စီဂျွန် (ယာ) နှင့် အစည်းအဝေးမပြုလုပ်မီ ထိုင်ခုံနေရာယူနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ် (Photo:AFP)
Published 8 February 2024

ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲဆက် လက်ဆင်နွှဲနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ရည်ရွယ်ချက်သည် ပါလက်စတိုင်းများကို လူမျိုးတုံးသတ်ဖြတ်လိုသည့် သဘောထားကို ပြသရာရောက် နေကြောင်း လက်ဘနွန်အခြေစိုက် ဟားမာ့စ်အဖွဲ့၏ ထိပ်သီးအရာရှိတစ်ဦးက ဖေဖော်ဝါ ရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

“နေတန်ယာဟုရဲ့ ဂါဇာဒေသအပေါ် ရန်လိုတိုက်ခိုက်နေမှုဟာ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို အတည်ပြုရာရောက်ပါတယ်”ဟု ဟားမာ့စ်အရာရှိ အိုစမာဟမ်ဒန်က ဘေရွတ်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် မြေပြင်တွင် ခုခံတော်လှန်မှု သို့မဟုတ် ရန်လိုတိုက်ခိုက်မှုကို ရပ်တန့်ရန် နိုင်ငံရေးအရ အားထုတ်ကြိုးပမ်းမှုများမှတစ်ဆင့် မိမိတို့လူများကို ကာကွယ်ရန် အစွမ်းကုန်လုပ်ဆောင်သွားမည်ဟုလည်း ဟမ်ဒန်က ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ဟားမာ့စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုကို ဖေဖော်ဝါရီ ၇ ရက်က ငြင်းပယ်ခဲ့ပြီး အစ္စရေးစစ်သားများကို ပါလက်စတိုင်းဒုက္ခသည် တစ်သန်းကျော်ရှိသည့် ဂါဇာ၏ ရာဖာမြို့သို့ ဝင် ရောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နေတန်ယာဟု၏ မှတ်ချက်စကားများသည် အပစ်အခတ်ရပ်စဲရန်နှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရန် သဘောတူညီချက်ရရှိရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မျှော်လင့်ချက် များကို မှေးမှိန်စေခဲ့သည်။

အီဂျစ်အရာရှိတစ်ဦးကမူ ဂါဇာဒေသ၏ အခြေအနေတည်ငြိမ်မှုရရှိစေရန် ကိုင်ရိုမြို့တော်တွင် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အီဂျစ်နှင့် ကာတာနိုင်ငံတို့၏ မူဘောင်အတွင်း ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲကို ဟားမာ့စ်ထိပ်သီးအရာရှိ ခါလီလ်အယ်ဟေယာဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်မည်ဟု ဟမ်ဒန်က ပြောကြားခဲ့ သည်။

တော်လှန်ရေးအဖွဲ့များအားလုံးအနေဖြင့် ဆက်လက်တိိုက်ပွဲဝင်ရန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို သတိထားကြရန် ဟမ်ဒန်က တိုက်တွန်းခဲ့သည်။

ဟားမာ့စ်၏ အပစ်အခတ်ရပ်စဲမှုကို နေတန်ယာဟုက ငြင်းဆိုသည့် ဖေဖော်ဝါရီ ၇ ရက်အစောပိုင်းက ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟုမ်းစ်မြို့တွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားခုနစ်ဦး အပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (SOHR) က ပြောကြားခဲ့သည်။

ဟုမ်းစ်မြို့၏ ဟမ်မရာရပ်ကွက်ရှိ အဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားခုနစ်ဦးနှင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား နှစ်ဦးအပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း SOHR က ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများထဲတွင် ကျောင်းသားလေးဦး၊ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ သားတစ်ဦးနှင့် မည်သူမည်ဝါမှန်း မသိရသေးသည့် အရပ်သားတစ်ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစ္စရေးသည် ဆီးရီးယားတွင် ပြည်တွင်း စစ်စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ဟားမာ့စ်နှင့်စစ်ပွဲဖြစ်ပွားခဲ့ချိန်တွင် ထိုလေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။          Ref:AFP

Most Read

Most Recent