ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနေ့၌ နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ရက်များ  ဖြတ်တောက်ထားခဲ့

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနေ့၌ နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ရက်များ  ဖြတ်တောက်ထားခဲ့
ဖေဖော်ဝါရီ ၈ ရက်က အစ္စလမ္မာဘတ်မြို့ရှိ မဲရုံတစ်ရုံတွင် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသမီးတစ်ဦး မဲပေးနေစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၈ ရက်က အစ္စလမ္မာဘတ်မြို့ရှိ မဲရုံတစ်ရုံတွင် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသမီးတစ်ဦး မဲပေးနေစဉ် (Photo:AFP)
Published 8 February 2024

မဲမသမာမှုများ ရှိနိုင်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည့် ပါကစ္စတန် ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့ပြီး သန်းနှင့်ချီသည့် ပြည်သူများ လာရောက်မဲပေးခဲ့ကြသည်။

နိုင်ငံ၏ လူကြိုက်အများဆုံး နိုင်ငံရေးခေါင်းဆောင် အီမရန်ခန်းသည် ထောင်ဒဏ်ကျခံနေရခြင်းကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရခဲ့ဘဲ စစ်တပ်ကထောက်ခံသည့် ကိုယ်စားလှယ်လောင်း နဝပ်ဇ်ရှရစ်ဖ်က အ နိုင်ရရှိရန် ရေပန်းစားနေသည်။

ရွေးကောက်ပွဲ၏ သမာသမတ်ကျမှုအပေါ် စိုးရိမ်မှုများကို မြင့်တက်စေသည့်လုပ်ရပ်အဖြစ်  သွေးထွက်သံယိုများသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလနှင့် ကြုံတွေ့ခဲ့ပြီးနောက် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက်များကို ယာယီဖြတ်တောက်ခဲ့သည်ဟု မဲရုံများ တရားဝင်မဖွင့်လှစ်မီတွင် အာဏာပိုင်များက ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ အသက်မပါခဲ့သလို ခန်း၏ပါတီဖြစ်သည့် Pakistan Tehreeke Insaf(PTI) ပါတီသည်လည်း စစ်တပ်ဦး ဆောင်သော သြဇာရှိရှေးရိုးဝါဒီ အသိုင်းအဝိုင်း၏ ထိန်းချုပ်ကန့်သတ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် မဲပေးခွင့်ရှိသူ ၁၂၈ သန်းရှိသည့် ယခုရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ နည်းပါးနိုင်သည်ဟု လူထုသဘောထားစစ်တမ်း ကောက်ယူသူများက ခန့်မှန်းထားသည်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲတွင် Pakistan Muslim League-Nawaz(PML-N) ပါတီက အမတ်နေရာအများဆုံး အနိုင်ရဖွယ်ရှိပြီး အသက် ၇၄ နှစ်အရွယ် ရှရစ်ဖ်သည် ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီးများ၏ ထောက်ခံမှုကို ရရှိထားသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။      

မြို့တော်အစ္စလမ္မာဘတ်ရှိ မဲရုံတစ်ရုံ၏ အပြင်ဘက်တွင် မဲပေးရန်စောင့်ဆိုင်းနေသည့် စိတ်ပညာဘာသာရပ်ကို သင်ကြားနေသည့် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဟာလီမာရှာဖစ်က ၎င်းအနေဖြင့် မဲပေးရန် အားခဲထားသည်ဟု ဆိုသည်။

သို့သော် ၃၉ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်သူ ဆေယစ်တက် ဆာဝါကမူ ရွေးကောက်ပွဲအပေါ် သံသယရှိနေကြောင်းနှင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်သည့် အစိုးရတစ်ရပ်ကို လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီတွင် မဲရုံများ ပိတ်သိမ်းခဲ့သည်။ အကြမ်းဖက်မှုများကြောင့် အကျည်းတန်ခဲ့သည့် ၎င်းရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ရန် စစ်တပ်၊ အကူလက်နက်ကိုင်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၆၅၀,၀၀၀ ကျော်ကို အာဏာပိုင်များက ဖြန့်ကြက်ချထားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ကိုယ်စားလှယ်လောင်းများ၏ ရုံးခန်းအပြင်ဘက်၌ ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်။

 မကြာသေးမီက စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် အဖိုးတန် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်နှင့် ဖြစ်နိုင်ဖွယ် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရမည်ဟု အာဏာ ပိုင်များက ပြောကြားခဲ့သည်။     Ref:AFP