စက်သုံးဆီများကို လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံ ဆောင်ရွက်ပေးထားပြီး စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီ အသစ်များကို စနစ်တကျ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

စက်သုံးဆီများကို လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံ ဆောင်ရွက်ပေးထားပြီး စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီ အသစ်များကို စနစ်တကျ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဖေဖော်ဝါရီ ၇ က နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄)  လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဖေဖော်ဝါရီ ၇ က နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄)  လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Published 8 February 2024

စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြားသည်။

ဖေဖော်ဝါရီ ၇ က နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄)  လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ စက်သုံးဆီကို ပြည်သူများ သက်သာသည့် ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန် အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများနှင့် ကျန်လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားကြောင်းနှင့် စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျစိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာအသုံးပြုနိုင်ရေးနှင့် တရားမဝင် စက်သုံးဆီများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှုများအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိမှု (၆၅)မှု၊ စက်သုံးဆီ ၂၉၈ ဒသမ ၀၅၇ တန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၃၈ ဒသမ ၃၉၂ သန်း နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိမှု (၁၄)မှု၊ စက်သုံးဆီ ၇၄ ဒသမ ၂၂၅ တန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၇၆ ဒသမ ၄၂၉ သန်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်သူများခရီးသွားလာရာတွင် နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီ အလွယ်တကူဝယ်ယူနိုင်ရန် မိမိရောက်ရှိ နေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူရှာဖွေနိုင်ရန်နှင့် Monitoring ပြုလုပ်မည့် ဌာနများကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စက်သုံးဆီကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ အခက်အခဲကိစ္စရပ်များ၊ စက်ရုံများပုံမှန်လည်ပတ်ရေးအတွက် စက်ပစ္စည်းများ၊ စက်အပိုပစ္စည်းများ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်ပသို့ ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီများမှ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုအား အလေးထားကြပ်မတ်ဆောင်ရွက်ခဲ့မှုကြောင့် ပို့ကုန်ရငွေများအလားတူကာလထက် ပိုမိုဝင်ရောက်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ပို့ကုန်ရငွေပမာဏ (၅၀ : ၅၀) ရာခိုင်နှုန်းအစား (၃၅ : ၆၅) ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရာသီချိန်ကာလ (၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ) ရော်ဘာတင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံဆီနှင့် စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း၊ ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။