လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ဂျပန်နှင့် အီတလီခေါင်းဆောင်များ ပြောကြား

လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ဂျပန်နှင့် အီတလီခေါင်းဆောင်များ ပြောကြား
ဖေဖော်ဝါရီ ၅ ရက်က တိုကျိုမြို့တွင် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ယာ)နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: AP)
ဖေဖော်ဝါရီ ၅ ရက်က တိုကျိုမြို့တွင် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ယာ)နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: AP)
Published 6 February 2024

ဗြိတိန်နှင့်အတူ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်များ တီထွင်ထုတ်လုပ်ရေး အပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဟု ဂျပန်နှင့် အီတလီခေါင်းဆောင်များက ဖေ ဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပနိုင်ငံ တစ်ခုဖြစ်သည့် အီတလီအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် ပိုမိုအဓိကကျသော အခန်းကဏ္ဍ၌ ပါဝင်လာမှုကို ဂျပန်က ကြိုဆိုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒသည် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီနှင့်တွေ့ဆုံပြီးနောက် အင်ဒို-ပစိဖိတ်ဒေသတွင် ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တိုးမြှင့်လာသည့် အီတလီ၏ အစီအစဉ်ကို ကြိုဆိုကြောင်းပြောကြားခဲ့သည်။ အီတလီသည် ၎င်းတို့၏ လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက် ရေး စစ်ရေယာဉ်စုအပါအဝင် စစ်သင်္ဘောများကို အင်ဒို-ပစိဖိတ်ဒေသသို့ စေလွှတ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်စီစဉ်ထားသည်။

“ဂျပန်နဲ့ အီတလီဟာ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့နဲ့ပတ်သက်ပြီး မူဝါဒနဲ့ တန်ဖိုးထားပုံချင်း တူညီတဲ့အရေးပါတဲ့ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေဖြစ်တယ်” ဟု ကိရှိဒက ပြောကြားခဲ့သည်။

ဗြိတိန်နှင့်အတူ အဆင့်မြင့် ဂျက်တိုက်လေယာဉ် အမျိုးအစားသစ်ပူးတွဲထုတ်လုပ်ရာတွင် တိုးတက်မှု အခြေအနေနှင့်ပတ်သက်၍လည်း ကိရှိဒက ချီးကျူးပြောဆိုခဲ့သည်။

ဂျပန်၊ အီတလီနှင့် ဗြိတိန်တို့သည် ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဂျက်တိုက်လေယာဉ် အမျိုးအစားသစ် ထုတ်လုပ်နိုင်ရေးအတွက် ပူးတွဲအဖွဲ့အစည်းတစ်ရပ်ထူထောင်မည့် သဘောတူညီချက်တစ်ရပ်ကို ယမန်နှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့သည်။

မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်ဆိုသည်မှာ တီထွင်ဆန်းသစ်မှု၊ တိုးတက်ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းဟူသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ဝန်ကြီးချုပ် မယ်လိုနီက ပြောကြားခဲ့သည်။

ယခုနှစ်နှောင်းပိုင်းတွင် ဂျပန်နှင့်ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် အီတလီ၏ လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် ဂျက်တိုက်လေယာဉ်များ ပါဝင်မည်ဟုလည်း ၎င်းက အရိပ်အမြွက်ပြောဆိုခဲ့သည်။

ဒေသတွင်း၌ အင်အားပြမှုများ တိုးမြှင့်လာသည့် တရုတ်ကိုတန်ပြန်ရန်အတွက် ဂျပန်က ၎င်းင်း၏စစ်အင်အားကို လျင်လျင်မြန်မြန် တည်ဆောက်လျက်ရှိပြီး ပိုမိုမြင့်မားသောစွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်ရန်ရည်မှန်း ထားသည်။

အီတလီသည်လည်း ၎င်းတို့အတွက် အကျိုးအမြတ်နည်းသည်ဟု ယူဆသောတရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းမှ မကြာသေးမီက နုတ်ထွက်ခဲ့သည်။

ဂျပန်၊ အီတလီနှင့် ဗြိတိန်၏ ဂျက်တိုက်လေယာဉ် ပူးတွဲထုတ်လုပ်မှုတွင် ဂျပန်၏မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်း၊ ဗြိတိန်၏ BAE Systems PLC နှင့် အီတလီ၏ လီယိုနာဒို ကုမ္ပဏီတို့ ပါဝင်သည်။

သို့သော် ယင်းစီမံကိန်းသည် ပူးတွဲထုတ်လုပ်ထားသော အသက်သေဆုံးစေနိုင်သည့် လက်နက်များအား တတိယနိုင်ငံများသို့ တင်ပို့ခြင်းကို ပိတ်ပင်ထားသည့် ဂျပန်၏ စစ်ပြီးခေတ်စည်းမျဉ်းဥပဒေ ဖြေလျှော့ရေးအပေါ် မူတည်နေပြီးဂျပန်အစိုးရအနေဖြင့် ယင်းပြင်ဆင်မှုများကို ဖေဖော်ရီလကုန်၌ အပြီးသတ်နိုင်ရန် ရုန်းကန်နေရသည်။           

Ref: AP

Most Read

Most Recent