ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား
Published 6 February 2024

ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာနေ ဒေါ်အေးသောင်း၏ နေအိမ်အတွင်း၌ ဒေါ်အေးသောင်း (၆၅ နှစ်)သည် ယာနားသွေးထွက်၊ ယာဘက်နံ စောင်းပွန်းပဲ့ဒဏ်ရာဖြင့်လည်းကောင်း၊ ဒေါ်ခင်မာချို (၃၃ နှစ်) သည် လည်ပင်းဝဲဘက်ညိုမည်း၊ ဝဲဘက်ရင်ညွန့် ပွန်းပဲ့ဒဏ်ရာဖြင့်လည်းကောင်း၊ မသက်စုဝတီခင် (၁၃ နှစ်) သည် နဖူးတည့်တည့်သွေးစို့ဒဏ်ရာဖြင့်လည်းကောင်း၊ မမြတ်စုဝတီခင် (လေးနှစ်) သည် မျက်နှာပြင်တစ်ခုလုံး ညိုမည်းဖူးရောင်ဒဏ်ရာ၊ မျက်လုံးသွေးထွက်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ယင်းလူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ ဒေါ်ခင်မာချို၏ ခင်ပွန်းဖြစ်သူ ဟန်ဝင်းအောင် (၃၅ နှစ်) သည် ဖေဖော်ဝါရီ ၄ ရက်မှစ၍ အခင်းဖြစ်နေအိမ်၌မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ကျူးလွန်သူလို့ ယူဆရသူကတော့ နောက်အမျိုးသားပေါ့။ သေဆုံးတဲ့ ကလေးတွေလည်း သားသမီးအရင်းတွေ မဟုတ်ကြပါဘူး။ ရဲတပ်ဖွဲ့ကလည်း နောက်ရက်မှ စစ်ဆေးနိုင်တယ်။ ကျူးလွန်သူလို့ ယူဆရသူက ဧရာဝတီတိုင်း ပြင်စလူဘက်ကတဲ့။ ဘယ်သူနဲ့ ရန်ဖြစ်မှန်း အတိအကျမသိရသေးဘူး။ ရွှေဘိုမှာ မိတယ်လို့ သတင်းကြားတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့သစ်နယ်မြေရဲစခန်းက အမှုကြီးအမှတ်စဉ် ၁/၂၀၂၄၊ (ပ)၂/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Most Read

Most Recent