ကော့သောင်းမြို့တွင် ကော့သောင်း-ရနောင်း ချစ်ကြည်ရေးခရီးသွားပွဲတော် ကျင်းပနေ

ကော့သောင်းမြို့တွင် ကော့သောင်း-ရနောင်း ချစ်ကြည်ရေးခရီးသွားပွဲတော် ကျင်းပနေ
Published 5 February 2024

ကော့သောင်း-ရနောင်းချစ်ကြည်ရေးခရီးသွားပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်ပြီး ကော့သောင်း-ရနောင်း Tourism 2024 ပွဲတော်ကို ကော့သောင်းမြို့ သုံးမိုင်ရှိ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးခရီးသွားပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦမြတ်ကို၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော် ကျင်းပရခြင်းမှာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး အများပြည်သူပိုမိုသိရှိစေရန်၊ ကော့သောင်းမြို့၏ အမှတ်တံဆိပ်ထင်ရှားပေါ်လွင်စေရန်၊ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ခရီးသွားလုပ်ငန်းဖြစ်ပေါ်စေရန်၊ ကော့သောင်းနှင့် ရနောင်းပိုမိုချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန် ကျင်းပခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ချစ်ကြည်ရေးခရီးသွားပွဲတော်တွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်ပြခန်းများ၊ ကော့သောင်းမြို့၏ အစားအသောက်များ၊ အသေးစားအလတ်စားထုတ်ကုန်များ၊ သွားလာလည်ပတ်နိုင်သည့်နေရာများနှင့် ကျွန်းများ၊ သဘာဝထွက်ကုန်များကို ပြသထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခရီးသွားပွဲတော်တစ်ခု ကျင်းပရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဇန်နဝါရီလအတွင်း လာရောက်ဆွေးနွေးခဲ့ရာ အကောင်အထည်ပေါ်လာခြင်းဖြစ်ကြာင်း သိရသည်။

ကော့သောင်း-ရနောင်း Tourism 2024 ပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ လုပ်ငန်းရှင်များလည်း တက်ရောက်လာရန် ခရီးသွားလုပ်ငန်းကောင်စီက ဖိတ်ကြားထားခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် ကော့သောင်း-ရနောင်း Tourism 2024 ကျင်းပရာတွင် မြန်မာ့စီးပွားရေးမြှင့်တင်ရန်၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း အထောက်အကူပြုရန်၊ ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent