အမေရိကန်က အီရန်ကျောထောက်နောက်ခံပြု အုပ်စုများကို နောက်ထပ်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြား

အမေရိကန်က အီရန်ကျောထောက်နောက်ခံပြု အုပ်စုများကို နောက်ထပ်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြား
အီရန်နှင့်ဆက်စပ်နေသော အုပ်စုများကို တိိုက်ခိုက်ရန် အမေရိကန်လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဖေဖော်ဝါရီ ၂ ရက်တွင်တွေ့ရစဉ်(လေယာဉ်ပျံတက်သွားသည့် တည်နေရာကို မသိရပါ) (Photo: Reuters)
အီရန်နှင့်ဆက်စပ်နေသော အုပ်စုများကို တိိုက်ခိုက်ရန် အမေရိကန်လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဖေဖော်ဝါရီ ၂ ရက်တွင်တွေ့ရစဉ်(လေယာဉ်ပျံတက်သွားသည့် တည်နေရာကို မသိရပါ) (Photo: Reuters)
Published 5 February 2024

လွန်ခဲ့သောနှစ်ရက်အတွင်းတွင် အီရတ်၊ ဆီးရီးယား၊ ယီမင်တို့၌ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသောအုပ်စုများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် အရှေ့ အလယ်ပိုင်း၌ အီရန်ကျော   ထောက်နောက်ခံပြုအုပ်စုများကိုနောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့သည်။

ဂျော်ဒန်ရှိ အမေရိကန်စစ်သားများ တိုက်ခိုက်ခံရသည့်ကိစ္စအတွက် လက်တုံ့ပြန်မှုအဖြစ် အမေရိကန်စစ်တပ်သည် အီရတ်နှင့်ဆီးရီးယားတို့ရှိ အီရန်ထောက်ပံ့ပေးထားသော အုပ်စုများကို တိုက်ခိုက်ခဲ့ပြီးနောက်တစ်ရက်အကြာတွင် အမေရိကန်နှင့်ဗြိတိန်တို့သည် ယီမင်နိုင်ငံရှိ ဟူသီရ်ပစ်မှတ် ၃၆ ခု ကို တိုက်ခိုက်ခဲ့သည်။

“အမေရိကန်စစ်သားတွေ တိုက်ခိုက်ခံရတဲ့အခါ၊ အမေရိကန်ပြည်သူတွေ သေဆုံးတဲ့အခါ အမေရိကန်က တုံ့ပြန်သွားမယ်ဆိုတဲ့ ပြတ်သားတဲ့သတင်းစကားကို ဆက်လက်ပါးဖို့ နောက်ထပ်တိုက်ခိုက်တာတွေ၊ နောက် ထပ်အရေးယူတာတွေကို လုပ်ဖို့ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်”ဟု အိမ်ဖြူတော်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဖေဖော်ဝါရီ ၄ ရက်တွင် NBC ရုပ်သံ၏ Meet the Press အစီအစဉ်ကို ပြောကြားခဲ့သည်။

ဟူသီရ်သည် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းပြည်သူများ ဖိနှိပ်ခံရမှုကို အရေးယူဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့၏နိုင်ငံကို အမေရိကန်-ဗြိတိန် ကျူးကျော်မှုအား တုံ့ပြန်နေရသည့်အနေအထားတွင် ဂါဇာပြည်သူ များအတွက် လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ဟူရ်သီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာကတည်းကဟူရ်သီသူပုန်များသည် ပင်လယ်နီတွင်ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ ဟားမာ့စ်ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ဟူရ်သီသူပုန်တို့က ပင်လယ်နီတွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ပင်လယ်နီ အနီးတစ်ဝိုက်ခုတ်မောင်းနေသော သင်္ဘောများကို ဟူရ်သီကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဦးတည်စေခဲ့ပြီး အမေရိကန်သည် လွန်ခဲ့သောရက်ပိုင်းတွင်ဟူရ်သီပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

အီရန်သည် ဟစ်ဇဘိုလာ၊ ဟားမာ့စ်၊ ဟူသီရ်စသောအုပ်စုများကို ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။ အီရန်သည် အဆိုပါအုပ်စုများကို ထောက်ပံ့လျက်ရှိသည်ဆိုသော်လည်း ပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှု ကိုလက်ရှိအချိန်ထိ လက်ရှောင်လျက်ရှိသည်။ အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်လိုခြင်းမရှိဟု ပင်တဂွန်က ပြောကြားထားပြီး အီရန်ကလည်း စစ်ပွဲကို အလိုရှိသည်ဟု မယုံကြည်ဟု အမေရိကန်ကပြောကြားထားသည်။

အမေရိကန်ကအီရန်နိုင်ငံထဲကပစ်မှတ်များကို တိုက်ခိုက်ဖွယ်ရှိသည့်အနေအထားကို ဆူလီဗန်က ပြောဆိုခြင်းမရှိပေ။ အီရန်နိုင်ငံရှိ စစ်ဘက်နေရာများသည် အမေရိကန်စစ်တပ်က ရှောင်ရှားရန် အလွန်သတိ ထားနေရသောအရာများဖြစ်သည်။

CBS သတင်းဌာန၏  Face the Nation အစီအစဉ်ကို ပြောကြားရာတွင် ဖေဖော်ဝါရီ ၂ ရက်၏ တိုက်ခိုက်မှုများသည် မိမိတို့၏တုံ့ ပြန်မှုနှင့်ပတ်သက်၍ အစသာရှိသေးပြီးအဆုံး မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent