ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီးကို တရားမဝင်လက်ထပ်ထိမ်းမြားမှုဖြင့် တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီးကို တရားမဝင်လက်ထပ်ထိမ်းမြားမှုဖြင့် တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ်(Photo:AFP)
Published 4 February 2024

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ တတိယမြောက်ဇနီးတို့၏ လက်ထပ်ထိမ်းမြားမှုသည် အစ္စလာမ်ဥပဒေအရ တရားမဝင်ကြောင်း တရားရုံးက ဖေဖော် ၀ါရီ ၃ ရက်တွင် စီရင်ချက်ချခဲ့ပြီး ၎င်းတို့ ဇနီး မောင်နှံကို ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ခဲ့သည်ဟု ခန်း၏ပါတီက ပြောကြားခဲ့သည်။

ခန်းသည် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ဇနီးဖြစ်သူ ဘူရှရာ ဘီဘီနှင့်အတူ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ယခုပြစ်ဒဏ်သည် သီတင်းတစ် ပတ်အတွင်း တတိယမြောက် ပြစ်ဒဏ်ချမှတ်ခံရမှုဖြစ်သည်။

ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချခံရခြင်းဖြစ် သည်။

ခန်းသည် ပြစ်မှုပေါင်း ၂၀၀ နီးပါးအတွက် တရားစွဲဆိုခံခဲ့ရပြီး ထိုစွဲချက်များသည် စစ်တပ်ဦးဆောင်သည့် အင်အားစုက ၎င်းအား ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုကို ဟန့် တားရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်မှုသည် iddat ဟု လူသိများသည့် အစ္စလာမ်မစ် ဥပဒေနှင့် စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေအရ ခင်ပွန်းကွယ်လွန်သွားသည့် မုဆိုးမ သို့မဟုတ် ခင်ပွန်းနှင့် ကွာရှင်းထားသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ၎င်းတွင် ကိုယ်ဝန်လွယ်ထားရခြင်းရှိ၊ မရှိနှင့် ထိုသန္ဓေသား၏ ဖခင်သည် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်း တိကျစေရန် သုံးလစောင့်ပြီးမှ နောက်အိမ်ထောင်ပြုရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ထို့နောက် တရားရုံးက ထိုဥပဒေဖြင့် ဝန်ကြီးချုပ်ဟောင်းခန်းနှင့် ဘူရှရာဘီဘီတို့၏ လက်ထပ်ထိမ်းမြားမှုကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး ထောင်ဒဏ် ခုနစ်နှစ် စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ခန်း၏ PTI ပါတီ က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ အရှက်ရဖွယ် အမှုအခင်းသည် ယုတိမရှိကြောင်း၊ နိုင်ငံရေးရည်ရွယ်ချက်များဖြင့် ယခုဖြစ်စဉ်များအားလုံး ဖြစ်နေကြောင်းခန်း၏ ရှေ့နေ ဂိုဟာ အလီခန်းက ပြောကြားခဲ့သည််။

ခန်းသည် ရာဝယ်ပင်ဒီမြို့တွင် အကျဉ်းချခံထားရသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး ဘီဘီသည် ယခုသီတင်းပတ်အတွင်း ရဲတပ်ဖွဲ့ထံတွင် သွားရောက်အဖမ်းခံခဲ့ကာ အစ္စလာမ်မာဘက်မြို့တော်အပြင်ဘက်ရှိ ၎င်း၏ နေအိမ်တွင် ထိန်းသိမ်းခံထားရသည်။

“အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ အခုဖြစ်စဉ်တွေဟာ ခန်းရဲ့ ဂုဏ်သိက္ခာကိုမေးခွန်းတွေ ထွက်ပေါ်လာစေဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။  ခန်းရဲ့ ကိုယ်ရောင်ကိုယ်ဝါကို မှေးမှိန်အောင် မလုပ်ဆောင်နိုင်တာကြောင်း သူတို့ဟာ ခန်းကို ပစ်မှတ်ထားနေကြတာပါ”ဟု ခန်း၏ နောက်ထပ်ရှေ့နေတစ်ဦးဖြစ်သူ ရှာဘာဟတ်ရစ်ဇ်ဗီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အီမရန်ခန်းသည် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနှင့် ဆက်နွှယ်သည့် အမှုတစ်ခုဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် တစ်ရက်အကြာတွင် အဂတိလိုက်စားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၄ နှစ် ထပ်မံချမှတ်ခံရခြင်းဖြစ်သည်။

ခန်း၏ သံတမန်ရေးရာ လျှို့ဝှက်ချက် ပေါက်ကြားစေမှုသည် ပါကစ္စတန်နိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးအရ ထိခိုက်နစ်နာစေကြောင်း ဖေဖော်ဝါရီ ၁ ရက် က ထုတ်ပြန်ခဲ့သည့် တရားရုံး၏ စီချက်ချက် ချမှတ်မှု အသေးစိတ်မှတ်တမ်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် အသက် ၇၁ နှစ်အရွယ် ခန်းသည် အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်နှင့် ပါကစ္စတန် အစိုးရအကြား လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် ဆက်သွယ်မှုများကို မှားယွင်းစွာ ကိုင်တွယ်ခြင်း၊ မှားယွင်းစွာ အသုံးချခြင်းတို့ ပြုလုပ်ခဲ့ပြီး လူသိရှင်ကြား ပေါက်ကြားစေခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ ရှိခဲ့သည်ဟု တရားရုံးဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

                                               Ref:AFP

Most Read

Most Recent