ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကသိမ်းပိုက်ထားသည့်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး သေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကသိမ်းပိုက်ထားသည့်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး သေဆုံး
ဖေဖော်ဝါရီ ၃ ရက်က လိုင်ဆစ်ချန့်စ်မြို့တွင် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်မုန့်ဆိုင်ကို ကယ်ဆယ်ရေးသမားများက ရှင်းလင်းနေစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၃ ရက်က လိုင်ဆစ်ချန့်စ်မြို့တွင် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်မုန့်ဆိုင်ကို ကယ်ဆယ်ရေးသမားများက ရှင်းလင်းနေစဉ်(Photo:AFP)
Published 4 February 2024

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှားက သိမ်းပိုက်ထားသည့် လိုင်ဆစ်ချန့်စ်မြို့ရှိ ပေါင်မုန့်ဆိုင်တစ်ဆိုင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးတစ်ဦးအပါအဝင် လူ ၂၈ ဦးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးသမားများက ဖေဖော်ဝါရီ ၄ ရက် တွင်ပြောကြားခဲ့သည်။

ယူကရိန်းသည် သီတင်းပတ်ကုန်ရက်များတွင် လူစည်ကားသည့် ထိုပေါင်မုန့်ဆိုင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားတပ်ဖွဲ့များက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

လိုင်ဆစ်ချန့်စ်မြို့သည် ၂၀၂၂ ခုနှစ် နွေရာသီက ယူကရိန်းနှင့် ရုရှားတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များ လက်အောက်သို့ ကျရောက်ခဲ့သည်ဟု လူဟန့်ဒေသမှ မြို့တစ်မြို့ ဖြစ်သည်။

“ပြိုကျခဲ့တဲ့ ပေါင်မုန့်ဆိုင်မှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကလေးတစ်ဦးအပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့ပါတယ်”ဟု ရုရှားအရေးပေါ် အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက Telegram တွင် ဖော်ပြခဲ့သည်။

လူဟန့်ဒေသရှိ ရုရှားကခန့်အပ်ထားသည့် အာဏာပိုင်များကလည်း သေဆုံးသူများထဲတွင် အမျိုးသမီးကိုးဦးနှင့် ကလေးတစ်ဦးပါဝင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများ တွင် အလုံးစုံနီးပါး ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံတစ်ခု၏ ပုံများနှင့် ကယ်ဆယ်ရေးသမားများက လူများကို အပျက်အစီးများအောက်မှ ဆွဲထုတ်နေပုံများကို မြင် တွေ့ရသည်။

အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည့် ဗီဒီယိုထဲတွင်လည်း ကယ်ဆယ်ရေးသများတစ်ဦးသည် အပျက်အစီးများအောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးကို ဆွဲထုတ် ကယ်တင်နေပုံများကို ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်မှ လူ ၁၀ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်ဟု ရုရှား၏ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားအစိုးရက ခန့်အပ်ထားသည့် ဒေသအာဏာပိုင်အဖွဲ့လည်း ထိုတိုက်ခိုက်မှုတွင် အပြင်းအထန်ဒဏ်ရာရရှိသွားသည့် အမျိုးသားတစ်ဦးကို လူဟန်စ်မြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် အနောက်နိုင်ငံ၏ လက်နက်များ အသုံးပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများထံမှ လျင်မြန်ပြီး ခြွင်းချက်မရှိသည့် ဝေဖန်ရှုတ်ချမှုများကို မျှော်လင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ ထိုးစစ်မစတင်မီ လိုင်ဆစ်ချန့်စ်မြို့တွင် နေထိုင်သူပေါင်း ၁၁၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ထို့ပြင် လိုင်ဆစ်ချန့်မြို့သည် ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေနှင့် ၁၅ ကီလိုမီတာ (၉ မိုင်) အကွာတွင် တည်ရှိသည်။

ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာပြင်တွင် တိုက်ပွဲများသည် မကြာသေးမီလများအတွင်း  ငြိမ်သက်ခဲ့သော်လည်း ယခုနှစ်ဆောင်းရာသီတွင် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ရုရှားသည် အီရန်လုပ် ဒရုန်းများဖြင့် နီပရိုပက်ထရော့ဗ်စ်ဒေသရှိ စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခဲ့သဖြင့် ထောင်နှင့်ချီသည့် ဒေသခံများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ယူကရိန်းက ပြော ကြားခဲ့ပြီးနောက် လိုင်ဆစ်ချန့်စ်မြို့တွင် လက်နက်ကြီး ကျရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၃ ရက်ကလည်း ရုရှားက ပစ်လွှတ်ခဲ့သည့် အီရန်လုပ်ဒရုန်း ၁၄ စင်းကို ယူကရိန်းလေတပ်က ပစ်ချခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။  Ref:AFP

Most Read

Most Recent