မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ထောင်ဒဏ်ကို ထက်ဝက်လျှော့ပေါ့

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ထောင်ဒဏ်ကို ထက်ဝက်လျှော့ပေါ့
၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်က ကွာလာလမ်ပူရှိ တရားရုံးတစ်ရုံးမှ ထွက်ခွာလာသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို တွေ့ရစဉ်(Photo: AFP)
၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်က ကွာလာလမ်ပူရှိ တရားရုံးတစ်ရုံးမှ ထွက်ခွာလာသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို တွေ့ရစဉ်(Photo: AFP)
Published 3 February 2024

လက်ရှိတွင် ထောင်ဒဏ်ကျခံနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ထောင်ဒဏ်ခြောက်နှစ်ကျခံရန် မလေးရှားနိုင်ငံ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်က အတည်ပြုပြောကြားခဲ့သည်။

နာဂျစ်သည် ဒေါ်လာဘီလျံပေါင်းများစွာချီသည့် 1MDB ဘဏ္ဍာရေးအရှုပ်တော်ပုံတွင် အများပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်သည့် ပြစ်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။

“ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဆိုင်ရာ စိစစ်ရေးအဖွဲ့ဟာ အကြံပြုချက်တွေနဲ့ ထင်မြင်ချက်တွေကို သုံးသပ်ပြီးနောက် နာဂျစ်ရာဇက်အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ထက်ဝက်လျှော့ချပေးဖို့ ဆုံး ဖြတ်ခဲ့တယ်”ဟု ၎င်းအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မလေးရှားဘုရင်ဟောင်း စူလ်တန် အဗ္ဗဒူလာ စူလ်တန်အာမက်ရှားက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရှေ့နေချုပ်လည်းပါဝင်သည့် ၎င်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက်က အစည်းအဝေး ပြုလုပ်ပြီးနောက်တွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှားဘုရင်က ၎င်း၏အရိုက်အရာကို အလှည့် ကျဆက်ခံမည့်သူအား ထီးနန်းလွှဲပြောင်းမှု မတိုင်မီနှစ်ရက်အလိုတွင် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆုံးဖြတ်ရသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

နာဂျစ်သည် ၂၀၂၈ ခုနှစ်တွင် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ပြီး ၎င်းပေးဆောင်ရမည့်ဒဏ်ငွေကိုလည်း ရင်းဂစ်သန်း ၅၀ (ဒေါ်လာ ၁၀ ဒသမ ၆ သန်း)သာပေးဆောင်ရန် လျှော့ချပေးခဲ့ကြောင်း ၎င်းအဖွဲ့က ပြောကြား ခဲ့သည်။ နာဂျစ်အနေဖြင့် ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်ကာလကို တစ်နှစ်ထပ်တိုးမည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။

နာဂျစ်၏ ရှေ့နေများနှင့် အစိုးရတာဝန် ရှိသူများကိုမူဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်းမရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ထောင်ဒဏ် လျှော့ချပေးခြင်းသည် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ထိခိုက်စေနိုင်ကြောင်း သြစတြေးလျနိုင်ငံ တက်စ်မေးနီး ယားတက္ကသိုလ်မှ အာရှအရေးလေ့လာမှုဆိုင်ရာ ပါမောက္ခဖြစ်သူ ဂျိမ်းစ်ချင်က ပြောကြားခဲ့သည်။ အန်ဝါသည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲကာလက အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြတ်နှိမ်နင်းမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်။

“နာဂျစ်ရဲ့ထောင်ဒဏ်ကို လျှော့ချလိုက်တာဟာ မလေးရှားမှာ စည်းမျဉ်းဥပဒေနှစ်မျိုးရှိတာကို သတိပေးလိုက်တာပါပဲ။ စည်းမျဉ်းတစ်မျိုးက သြဇာကြီးအထက်တန်းလွှာတွေ အတွက်ဖြစ်ပြီး နောက်ထပ်စည်းမျဉ်းတစ်မျိုးက သာမန်ပြည်သူတွေအတွက်ဖြစ်တယ်”ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

နာဂျစ်သည် အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုနှင့် ယခင် 1MDB လက်အောက်ခံ SRC International ထံမှ ရင်းဂစ် ၄၂ သန်းကို ၎င်း၏ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ လွှဲပြောင်းကာ ယုံကြည်မှုကို အလွဲသုံးစားလုပ်သည့် ပြစ်မှုများအတွက် အပြစ်ရှိကြောင်း ၂၀၂၀ ခုနှစ်တွင် ရုံးတော်က ဆုံးဖြတ်ခဲ့သည်။

၎င်း၏ထောင်ဒဏ်အား ချေပရန် နာဂျစ်၏ ကြိုးပမ်းမှုကို မလေးရှား၏ အမြင့်ဆုံးတရားရုံးက ပယ်ချခဲ့သည်။

၂၀၀၉ မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သည့် အသက် ၇၀ အရွယ် နာဂျစ်က တရားမျှတသည့် ကြားနာစစ်ဆေးမှုနှင့် မကြုံတွေ့ခဲ့ရဟု အခိုင်အမာပြောကြားခဲ့ပြီး တရားသူကြီးသည် အကျိုးစီးပွားဝိရောဓိဖြစ်နေသကဲ့သို့ သူ၏ဥပဒေအကြံပေးအဖွဲ့သည်လည်း အမှုအတွက် အ ထောက်အထားများကို လေ့လာပြင်ဆင်ရန် အချိန်အလုံအလောက်မရခဲ့ဟုဆိုသည်။

နာဂျစ်သည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မဟာသီယာမိုဟာမက် ဦးဆောင်သည့် အတိုက်အခံညွန့်ပေါင်းအဖွဲ့၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည်။               

Ref: AFP