၂၀၅၀ ပြည့်နှစ်တွင် ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက်  ၃၅ သန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း WHO  ပြောကြား

၂၀၅၀ ပြည့်နှစ်တွင် ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက်  ၃၅ သန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း WHO  ပြောကြား
၂၀၂၀ ပြည့်နှစ် မတ်လက သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် WHO အကြီးအကဲ တက်ဒရို အက်ဒါနွန် ဂေဘရီယေဆုကို တွေ့ရစဉ်(Photo: AFP)
၂၀၂၀ ပြည့်နှစ် မတ်လက သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် WHO အကြီးအကဲ တက်ဒရို အက်ဒါနွန် ဂေဘရီယေဆုကို တွေ့ရစဉ်(Photo: AFP)
Published 2 February 2024

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက် ၃၅ သန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကင်ဆာရောဂါဆိုင်ရာ အေဂျင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် သတိပေးခဲ့သည်။

ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် ၇၇ ရာခိုင်နှုန်း ပိုမိုများပြားနေသည်။

ဆေးရွက်ကြီး၊ အရက်၊ အဝလွန်မှု၊ လေထုညစ်ညမ်းမှုများသည် ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်တက်စေသည့် အဓိက အကြောင်းချင်းရာများဖြစ်ကြောင်း WHO ၏ နိုင်ငံတကာ ကင်ဆာရောဂါ သုတေသန အေဂျင်စီ(IARC)က ပြောကြားခဲ့သည်။

“၂၀၅၀ ပြည့်နှစ်မှာ ကင်ဆာရောဂါဖြစ်ပွားတဲ့ လူနာအသစ် ၃၅ သန်းကျော်ရှိလာ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်”ဟု IARC က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းသည် ၂၀၂၂ ခုနှစ်က ကင်ဆာရောဂါဖြစ်ပွားသည့် လူနာသန်း ၂၀ မှ ၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါ ဖြစ်ပွားမှု လျင်မြန်စွာမြင့်တက်နေခြင်းသည် အသက်အရွယ်ကြီးရင့်လာသည့် လူဦးရေနှင့် အရွယ်ရောက်ပြီးလူဦးရေများအတွက် ဝန်ပိစေခဲ့ပြီး လူသားများသည် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုများနှင့် ဆက်စပ်နေသည့် ကင်ဆာဖြစ်စေနိုင်သည့် အဓိကအကြောင်းချင်းရာများနှင့် ထိတွေ့မှုများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဆေးရွက်ကြီး၊ အရက်နဲ့ အဝလွန်မှုတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုဟာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်တစ်ခုဖြစ်ပါတယ်” ဟု WHO က ပြောကြားခဲ့သည်။

အဖွံ့ဖြိုးဆုံးနိုင်ငံများသည် ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်များမြင့်တက်လာမည့်အခြေအနေကို မှတ်တမ်းတင်ရဖွယ်ရှိြ ပီး ၂၀၂၂ ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ၂၀၅၀ ပြည့်နှစ်တွင် ထိုအဖွံ့ဖြိုးဆုံးနိုင်ငံများ၌ ကင်ဆာဖြစ်ပွားသည့် လူနာအသစ်အရေအတွက် ၄ ဒသမ ၈ သန်းအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်ဟု WHO က ပြောကြားခဲ့သည်။

သို့သော် ရာခိုင်နှုန်းအရ လူသားဖွံ့ဖြိုး တိုးတက်မှုညွှန်းကိန်း(HDI)၏ အောက်ဆုံးတွင် ရှိနေသည့် နိုင်ငံများသည် ကင်ဆာဖြစ်ပွားမှုနှုန်း ၁၄၂ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။

အလယ်အလတ်အဆင့်တွင်ရှိနေသည့် နိုင်ငံများသည် ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက် ၉၉ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း WHO က ပြောကြားခဲ့သည်။

“၂၀၅၀ ပြည့်နှစ်မှာတာ့ အဲဒီနိုင်ငံတွေမှာ ကင်ဆာကြောင့် သေဆုံးမှုနှုန်းဟာ နှစ်ဆမြင့်တက်လာနိုင်ပါတယ်” ဟု WHO က ပြောကြားခဲ့သည်။

ကင်ဆာရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမြင့်တက်မှုကို မတူညီသည့် HDI အဆင့်များတွင် သတ်မှတ်ခံထားရသည့် နိုင်ငံများအကြား တူညီမှုရှိလိမ့်မည်မဟုတ်ကြောင်း IARC ၏ ကင်ဆာရောဂါ စောင့် ကြည့်ရေး အဖွဲ့ခွဲ၏ အကြီးအကဲ ဖရက်ဒီ ဘရေးက ပြောကြားခဲ့သည်။

“အရင်းအမြစ်အနည်းဆုံး နိုင်ငံတွေဟာ သူတို့ရဲ့ ကင်ဆာရောဂါဝန်ထုပ်ဝန်ပိုးတွေကို စီမံဖြေရှင်းနိုင်ခြင်းမရှိတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါ ဝန်ထုပ်ဝန်ပိုးတွေကို ပိုပြီး ကြီးမားစေနိုင်ပါတယ်” ဟု ဘရေးက ပြောကြားခဲ့သည်။

အဖြစ်အများဆုံး ကင်ဆာရောဂါအမျိုး အစားများမှာ အဆုတ်ကင်ဆာ၊ အမျိုးသမီးရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အစာအိမ်ကင်ဆာများဖြစ်ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

Ref: AFP