ဖားကန့်ဒေသ (တောင်ပိုင်း) တွင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ရှိလာ

ဖားကန့်ဒေသ (တောင်ပိုင်း) တွင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ရှိလာ
Published 2 February 2024

ကချင်ပြည်နယ် ဖားကန့်ဒေသ (တောင်ပိုင်း) တွင် ဇန်နဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ ငါးထောင်ကျော်ရှိကြောင်း ကူညီနေသူများက ပြောကြားသည်။

ဇန်နဝါရီ ၆ ရက်မှစကာ တပ်မတော်နှင့် KIA၊ PDF တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။  အရပ်သားအနည်းဆုံး သုံးဦး ထိခိုက်သေဆုံးခဲ့ပြီး ဝှေခါ၊ ဆပ်ပြာချောင်း၊ ဂျန်ခါ စသည့်ကျေးရွာများမှ လူဦးရေ ၅၀၀၀ ကျော်မှာ အိုးအိမ်စွန့်ကာ ထွက်ပြေးကြရသည်။

လူဦးရေ ၂၀၀၀ ကျော်မှာ ဖားကန့်မြို့နှင့် အနီးတစ်ဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရာရှိခိုးကျောင်းများတွင် ခိုလှုံခဲ့ကြောင်း သိရသည်။

လူဦးရေ ၅၀၀ ကျော် ခိုလှုံနေသည့် မှော်ရှန်ဘုန်းတော်ကျောင်းမှ ဆရာတော် ဦးပဏ္ဍိတက “ကလေးငယ်၊ သက်ကြီးတွေပဲများတယ်။ ခွန်အားရှိတဲ့ လူငယ်တွေကတော့ အခြားမှာ ကျောက်ရှာပြီး အလုပ်ဝင်လုပ်တာပေါ့။ ကလေးမွေးခါနီးတွေကိုတော့ မေတ္တာရှင်အသင်းက တာဝန်ယူပေးတယ်။ အခုဦးဇင်းတို့ဆီမှာက ဝှေခါရွာခံတွေများတယ်။ ဒုက္ခတွေကတော့ မိသားစုတစ်ခုနှင့် တစ်ခု မတူကြဘူး။ အကူအညီမဲ့ သက်ကြီးပိုင်းတွေတော့ ဒုက္ခပိုရောက်တာပေါ့။ လူ ၅၀၀ ကျော်က တစ်နေရာတည်း စုပြုံနေရတာ တစ်လနီးပါးကြာလာတော့လည်း အဆင်မပြေဘူးလေ။ ပြန်ဖို့လည်း ကြိုးစားပြီး အိမ်တွေဘာတွေ သွားကြည့်ကြတယ်။ နှစ်ဖက်ကြား ညပ်နေတော့ ပြန်ဖို့မရဲသေးဘူး။ ရွာသားတွေ အများစုက အိမ်ငှားနေကြ။ မှော်ထဲ တဲထိုးပြီးနေကြတယ်” ဟု မိန့်ကြားသည်။

အသက် ၅၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက “မနက် ၄ နာရီလောက်ကြီး တိုက်ပွဲဖြစ်တော့ အိမ်ထဲမှာ မိုးလင်းအောင် ပုန်းအောင်း။ အလင်းရောင်ရတာနဲ့ လွတ်တဲ့နေရာက ပြေးရတာ။ ဘာသယ်နိုင်မလဲ အားလုံး။ အခုပြောတာ အိမ်တွေလည်း သူခိုးတွေ ဝင်မွှေကြတယ်တဲ့။ အခုဒီလ ၆ ရက်နေ့မှာ တစ်လပြည့်တာပဲ။ မြန်မြန်ပြန်ရရင်တော့ ကောင်းတာပေါ့။ ပစ်ခတ်နေကြတာက နားမှ မနားကြသေးတာ” ဟု ဆိုသည်။

လက်ရှိတွင် မော်ရှန်ဘုန်းကြီးကျောင်း၊ တောင်ပေါ်ကျောင်း၊ စိန်မြသုခကျောင်း၊ ဆိုင်းငံဘုရားကျောင်း၊ ချင်းဘုရားကျောင်း၊ နာဂဘုရားကျောင်း၊ ရှင်သန်ခြင်းဘုရားကျောင်းများတွင် လူဦးရေ ၂၀၀၀ ကျော် ခိုလှုံနေဆဲဖြစ်သည်။

Most Read

Most Recent