အစ္စရေးတပ်ဖွဲ့များက ဂါဇာစီးတီးကို လေကြောင်းထိုးစစ်ဆင်နေချိန် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီကို ပိတ်ရန် အစ္စရေးဝန်ကြီးချုပ် တောင်းဆို

အစ္စရေးတပ်ဖွဲ့များက ဂါဇာစီးတီးကို လေကြောင်းထိုးစစ်ဆင်နေချိန် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီကို ပိတ်ရန် အစ္စရေးဝန်ကြီးချုပ် တောင်းဆို
UNRWA က ဖြန့်ဖြူးပေးသော ဂျုံအိတ်ပေါ်တွင် ပါလက်စတိုင်းလူငယ် ထိိုင်နေပုံကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
UNRWA က ဖြန့်ဖြူးပေးသော ဂျုံအိတ်ပေါ်တွင် ပါလက်စတိုင်းလူငယ် ထိိုင်နေပုံကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
Published 1 February 2024

ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးနှင့်ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေသည့်ကြားထဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ တပ်ဖွဲ့များက ဂါဇာတွင် နောက်ထပ်လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်တွင် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ (UNRWA) ကို ပိတ်ရန် ဇန်နဝါရီ ၃၁ ရက်တွင် နေတန်ယာဟုက တောင်းဆိုလိုက်သည်။

“UNRWA ရဲ့မစ်ရှင် အဆုံးသတ်ရမယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂကိုယ်တိုင်က နားလည်ဖို့ အချိန်တန်နေပါပြီ”ဟု နေတန်ယာဟုက ၎င်း၏ရုံးခန်းကိုလာသော ကုလသမဂ္ဂကိုယ်စားလှယ်များ ကိုပြောကြားခဲ့သည်။

မိမိတို့ ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ဂါဇာ၏ပြဿနာကို မိမိတို့ ဖြေရှင်းတော့မည်ဆိုပါက UNRWA ကို အခြားသော အကူအညီ အေဂျင်စီများဖြင့် အစားထိုးသင့်သည်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်တိုက်ခိုက်မှုများတွင် ပါလက်စတိုင်းများအတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNRWA) ၏ဝန်ထမ်း တစ်ဒါဇင်ပါဝင်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သူများထဲတွင် UNRWA ၏ ဝန်ထမ်းများပါဝင်သည်ဟု ဖော်ပြထားသော အစ္စရေး ထောက်လှမ်းရေး အဖွဲ့မော့ဆက်၏ မှတ်တမ်းကိုရိုက်တာသတင်းဌာနက တွေ့မြင်ခဲ့သည်။

ကျောင်းဆရာများအပါအဝင် ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ ဝန်ထမ်း ၁၉၀ ခန့်သည် ဟားမာ့စ်တိုက်ခိုက်ရေးသမားများ သို့မဟုတ် အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွများအဖြစ် လုပ်ဆောင်ခဲ့ကြသည်ဟု စာမျက်နှာခြောက်မျက်နှာရှိသော မှတ်တမ်းတွင် ဖော်ပြထားပြီး ၎င်းတို့ထဲက ၁၁ ဦး၏အမည်များနှင့်ပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။

ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီနှင့်ပတ်သက်၍ အစ္စရေး၏ စွပ်စွဲပြောကြားမှုများ ထွက်ပေါ်လာပြီးနောက် နိုင်ငံအများအပြားက ယင်းအေဂျင်စီကို ငွေကြေးထောက်ပံ့နေခြင်းအား ရပ်ဆိုင်းခဲ့ကြသည်။ ရန်ပုံငွေ ထည့်ဝင်မှုရပ်လိုက်ခြင်းသည် ဂါဇာ၌ ဆိုးရွားလွန်းသည့် လူသားချင်းစာနာမှု ပြိုလဲမည့် အနေအထားဖြစ် လာမည်ဟု ကုလသမဂ္ဂ အေဂျင်စီအကြီးအကဲများက လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြောကြားခဲ့ကြသည်။

UNRWA ကို နာမည်ပျက်သွားအောင် အစ္စရေးက သတင်းမှား ဖန်တီးနေသည်ဟု ပါလက်စတိုင်းသားများက စွပ်စွဲထားသည်။ ထို့အပြင် ဝန်ထမ်းအချို့ကို ထုတ်ပယ်ခဲ့ပြီး အစ္စရေးဘက်က စွပ်စွဲပြောကြားမှုများကို စုံ စမ်းစစ်ဆေးနေသည်ဟု ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီက ပြောကြားသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံထူထောင်ရာ၌ စစ်ပွဲ၏ ဒုက္ခသည်များကို အကူအညီပေးရန် UNRWA ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အစ္စရေးသည် ဂါဇာစီးတီးတွင် လေကြောင်းထိုးစစ်များကို အဆင့်မြှင့်တင်ထားသည်ဟု မျက်မြင်တွေ့သူများက ပြောသည်။ ထို့အပြင် အစ္စရေးတပ်များသည် ခန်းယူနစ်တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေသည်ဟု ဆိုသည်။

Ref:Reuters

Most Read

Most Recent