ပခုက္ကူကြက်သွန်နီစျေးကွက်တွင် နယ်စုံကုန်ဝင်များပြားပြီး တစ်ပိဿာ ကျပ် ၁၇၀၀ ပေါက်စျေးရှိ

ပခုက္ကူကြက်သွန်နီစျေးကွက်တွင် နယ်စုံကုန်ဝင်များပြားပြီး တစ်ပိဿာ ကျပ် ၁၇၀၀ ပေါက်စျေးရှိ
Published 30 January 2024

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇန်နဝါရီလကုန်ပိုင်းတွင် နယ်စုံမှ ထွက်ရှိသည့် ကြက်သွန်သစ်များ ဝင်ရောက်လာပြီး အမြင့်ဆုံးတစ်ပိဿာ ကျပ် ၁၇၀၀ အထိ ပေါက်စျေးရှိကြောင်း သိရသည်။

ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသထွက် ကြက်သွန်များအပြင် ရေနံချောင်း၊ ဆိပ်ဖြူနှင့် ဆင်ဖြူကျွန်းနယ်များမှ ထွက်ရှိသည့် ကြက်သွန်များပါ ဝင်ရောက်လာကြောင်း သိရသည်။

ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ပိဿာချိန်ခြောက်သောင်းကျော် ဝင်ရောက်သည့် ဇန်နဝါရီ ၃၀ ရက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၇၀၀-၁၀၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၁၀၀-၁၄၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၁၅၀၀ - ၁၇၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

“နယ်စုံဝင်တယ်။ စျေးသာလို့ လာရောင်းတာ။ အရည်အသွေးအလိုက် စျေးကွာတယ်။ ရေနံချောင်းဘက်ကလာတဲ့ ကြက်သွန်ဆို အမြင့်ဆုံး တစ်ပိဿာကို ၁၃၂၅ ကျပ်။ ဆိပ်ဖြူတို့ ဆင်ဖြူကျွန်းတို့ဘက်က အရည်အသွေးကောင်းတော့ တစ်ပိဿာကို ၁၇၀၀ အထိရတယ်။ ယောစကတော့ ထိပ်စတစ်ပိဿာ ၁၅၀၀ စျေး။ အဝယ်စုံတော့ ဝင်သမျှလေး ရောင်းရပါတယ်” ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် မိုးကြက်သွန်သစ်တစ်ပိဿာ ကျပ် ၂၀၀၀  အထိ ပေါက်စျေးရှိခဲ့ပြီး ယခုဇန်နဝါရီလကုန်ပိုင်းတွင် ဝယ်လက်များ လျော့ကျသွားခြင်းကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် စျေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်နည်းပါးနိုင်သော်လည်း ယခင်နှစ်များထက် ပိုမိုလုပ်ကိုင်နိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ရောင်းဝယ်ခဲ့သည့် မိုးကြက်သွန်သစ်မှာ ပေါ်စတွင် စျေးနှုန်းကျဆင်းခဲ့သော်လည်း နောက်ပိုင်းဝယ် လက်များပြားချိန်တွင် စျေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်အထိ ပေါက်စျေးရှိခဲ့သည်။

Most Read

Most Recent