ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်နေချိန် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကာတာက ဟားမာ့စ်ထံပေးပို့

ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်နေချိန် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကာတာက ဟားမာ့စ်ထံပေးပို့
ဟားမာ့စ်ထိန်းသိမ်းထားသော ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် တဲလ်အဗစ်၌ ဆန္ဒပြတောင်းဆိုနေသော ဓားစာခံ မိသားစုများကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဟားမာ့စ်ထိန်းသိမ်းထားသော ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် တဲလ်အဗစ်၌ ဆန္ဒပြတောင်းဆိုနေသော ဓားစာခံ မိသားစုများကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 30 January 2024

ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် အဆိုပြုချက်ကို ဟားမာ့စ်ထံပေးပို့လိုက်သည်ဟု ကြားဝင်ဖျန်ဖြေပေးနေသော ကာတာက ဇန်နဝါရီ ၂၉ ရက်တွင်ပြောကြား ခဲ့သည်။

ဂါဇာ၌ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာချိန်တွင် ဂျော်ဒန်၌ အမေရိကန်စစ်သားသုံးဦးသေဆုံးသွားသော တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟု အစ္စရေး၏အဓိကမဟာမိတ် အမေရိကန်က ပြောကြားခဲ့ပြီးနောက်  ပိုမိုကျယ်ပြန့်လာသော ဒေသတွင်း ပဋိပက္ခနှင့်ပတ်သက်၍စိုးရိမ်မှုများ မြင့်တက်လာသည်။

ဂါဇာကမ်းမြောင်ကို အစ္စရေးဗုံးကြဲခြင်းကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ဂါဇာ၌ နောက်ထပ်လူ ၂၁၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ပါလက်စတိုင်းနယ်မြေရှိ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါသေဆုံးသူ ၂၀၀ ကျော်ထဲတွင် မိသားစုတစ်စု၏ မိသားစုဝင် ၂၀ ပါဝင်သည်ဟု ဆိုသည်။

အီဂျစ်၊ ကာတာ၊ အစ္စရေးတာဝန်ရှိသူများသာမက စီအိုင်အေ အကြီးအကဲသည်လည်း ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက်  ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်မြို့တော်ပါရီတွင် ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများနှင့်နီးစပ်သည့် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

မော့ဆက်ထောက်လှမ်းရေးအဖွဲ့၏အကြီးအကဲနှင့် ရှင်းဘက်လုံခြုံရေးဌာနကအကြီးအကဲတို့ တက်ရောက်ခဲ့သော ပါရီဆွေးနွေးပွဲသည်အပြုသဘောဆောင်သည် ဟု ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် အစ္စရေးက ထုတ်ပြန်ခဲ့သည်။

စီအိုင်အေအကြီးအကဲ ဝီလျှံဘန်းသည်  အစ္စရေးနှင့်အီဂျစ်ထောက်လှမ်းရေးအကြီးအကဲများကို တွေ့ဆုံမည့်အပြင်ရက်ပိုင်းအတွင်း ကာတာဝန်ကြီးချုပ်နှင့်လည်းတွေ့ဆုံမည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်က ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့်  ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်ဘင်အဗ္ဗဒူ ရာမန်အယ်လ်သာနီက ကောင်းမွန်သော တိုးတက်မှုရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက ဤအဆိုပြုချက်ကို ဟားမာ့စ်ထံလွှဲပြောင်းပေးမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အလွန်အရေးကြီးပြီး အလွန်အလုပ်ဖြစ်တဲ့ ကိစ္စကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။  မျှော်လင့်ချက်အချို့ ရှိလာပါတယ်”ဟု ပါရီဆွေးနွေးပွဲအပြီးတွင် ဘလင်ကင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားစေနိုင်သော အဆိုပြုချက်သည် ၀ိုင်းထားခံရသော ဂါဇာကို အကူအညီများ ဝင်ရောက်လာခြင်းနှင့်အတူ အမျိုးသမီးများနှင့်ကလေး ဓားစာခံများကို ပထမဆုံးလွှတ်ပေးမည့် အဆင့်လိုက် ဆောင်ရွက်သောအပစ်အခတ်ရပ်စဲမှုပါဝင်သည်ဟု ရှိတ်မိုဟာမက်က အတည်ပြုထားသည်။

ဟားမာ့စ် အကြီးတန်းတာဝန်ရှိသူ တာဟာအယ်လ်နူနူက ၎င်းသည် ယာယီအပစ်အခတ်ရပ်စဲရေးကို အလိုမရှိဘဲ လုံးဝအပစ်ရပ်စဲရေးကို အလိုရှိသည်ဟု ပြောကြားခဲ့သည်။  ကာတာပေးပို့ထားသော အဆိုပါပြုချက်ကို အယ်လ်နူနူလက်ခံရရှိခြင်းရှိမရှိဆိုသည်ကို ချက်ချင်းရှင်းရှင်းလင်းလင်းမသိရသေးပေ။

တိုက်ပွဲ  ရပ်သွားသည်နှင့်တစ်ပြိုင်တည်း  ဓားစာခံများ ပြန်လွှတ်ပေးရေးအပါအဝင်အသေးစိတ်ကိစ္စများထဲက ကျန်သောအချက်များကို ဆွေးနွေးနိုင်သည်ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

သို့ရာတွင် ကြီးကြီ်းမားမားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံများသည် ယခုသီတင်းပတ်အတွင်းတွင် နောက်ထပ်အပြန် အလှန်ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။      

Ref: AFP

Most Read

Most Recent