အမေရိကန်စစ်သား သုံးဦးသေဆုံးသွားသည့်ဂျော်ဒန်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများကို သမ္မတဂျိုးဘိုင်ဒင် အပြစ်တင်

အမေရိကန်စစ်သား သုံးဦးသေဆုံးသွားသည့်ဂျော်ဒန်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများကို သမ္မတဂျိုးဘိုင်ဒင် အပြစ်တင်
Photo - AFP
Photo - AFP
Published 29 January 2024

အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းအရှေ့ အလယ်ပိုင်းဒေသ၌ ပထမဆုံးအမေရိကန်စစ်သားများသေဆုံးခဲ့သည့်အတွက် အီရန်ကျောထောက်နောက် ခံပြုစစ်သွေးကြွများကို သမ္မတဂျိုးဘိုင်ဒင် အပြစ်တင်လိုက်ခြင်းနှင့်အတူဂျော်ဒန်နိုင်ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်ဖြင့်တိုက်   ခိုက်ခံရသောကြောင့် အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သည်။

ယင်းတိုက်ခိုက်မှုနှင့် မိမိတို့မသက်ဆိုင်ဟု အီရန်ကပြောကြားခဲ့ပြီး အီရတ်၊ ဆီးရီးယားတို့၏ နယ်စပ်အနီး ဂျော်ဒန် အရှေ့မြောက်ပိုင်းရှိ ဝေးလံသောနယ်စပ်အခြေစိုက်စခန်းကို တိုက်ခိုက်သည့် စစ်သွေး ကြွအုပ်စုများကို အီရန်က ထောက်ပ့ံသည်ဟု အမေရိကန်နှင့်ဗြိတိန်တို့၏ စွပ်စွဲပြောကြားမှုများကိုလည်း တီဟီရန်က ပယ်ချခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီတိုက်ခိုက်မှုနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းနေတုန်းမှာပဲ ဆီးရီးယားနဲ့အီရတ်တို့မှာ လှုပ်ရှားနေတဲ့ အစွန်းရောက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ”ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး မိမိတို့၏ရွေးချယ်မှုပုံစံ၊ မိမိတို့ရွေးချယ်သည့်အချိန်၌ တာဝန်ရှိသူ အားလုံးတာဝန်ခံကြရမည်ဟု ဖော်ပြထားသည်။

ထို့နောက် ဘိုင်ဒင်သည် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် တောင်ကာရိုလိုင်းနား ဘုရားကျောင်း ခန်းမဆောင်တွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်ခဲ့ပြီး မိမိတို့ တုံ့ပြန်ရမည်ဟု ပြောကြားခဲ့သည်။

ဂါဇာ၌ စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၌  အခြေအနေတင်းမာနေခြင်းနှင့်အတူ ယခုတိုက်ခိုက်မှုက အီရန်တိုက်ရိုက်ပါဝင်လာသည့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခတစ်ခုဖြစ်လာမည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။

တိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု မည်သည့်အုပ်စုကမျှ ပြောကြားခြင်းမပြုသော်လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်ကဒေသတွင်း၌ အခြေအနေတင်းမာမှု လျော့သွားအောင်လုပ်ဆောင်ရန် အီရန်ကို ထပ်လောင်းတောင်းဆိုခဲ့သည်။

ကုလသမဂ္ဂကို ရောက်နေသော အီရန်ကိုယ်စားလှယ်များက ယခုတိုက်ခိုက်မှုသည် တီဟီရန်နှင့် မသက်ဆိုင်ဟု အီရန်အစိုးရသတင်းဌာန IRNA ကို ပြောကြားခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူကလည်း အမေရိကန်နှင့်ဗြိတိန်တို့၏ စွပ်စွဲပြောကြားချက်များကို ပယ်ချခဲ့သည်။

Ref: AFP